စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ ရွတ်စ်တီက သူတို့အသင်းဟာ အသင်းရဲ့ ကြယ်ပွင့် ကစားသမားဟောင်း လီယွန်နယ် မက်ဆီကို အသင်းဆီ ပြန်ခေါ်ဖို့ ကြိုးပမ်းနေကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး မက်ဆီဟာ ဘာစီလိုနာ အတွက် ဆယ်စုနှစ် တစုကျော်ကြာ ကစားပေးခဲ့ရာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၆ကြိမ် အပါအဝင် အထင်ကရ ဆုဖလားတွေ အားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit: Marca

မက်ဆီက ဘာစီလိုနာ အတွက် သူမတူတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာကြောင့် အသင်းရဲ့ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ်ပါ သတ်မှတ်ခံခဲ့ရပေမယ့် ၂၀၂၁ခုနှစ် နွေရာသီဈေးကွက်မှာတော့ ဘာစီလိုနာက သူတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို စာချုပ်သစ် ထပ်မချုပ်တော့ပဲ အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့် ပေးခဲ့ပါတယ်။

ဘာစီလိုနာက မက်ဆီကို စာချုပ်သစ် ချုပ်မယ်လို့ ကတိပေးပြီးမှ စာချုပ်သစ် မချုပ်တော့ဖို့ ပြောင်းလဲ ဆုံးဖြတ်ခဲ့တာကြောင့် ဘာစီလိုနာရဲ့ ဆုံးဖြတ်ချက်ဟာ မက်ဆီ အပါအဝင် ဘောလုံးလောက တခုလုံးကို အံ့အားသင့်စေခဲ့ပြီး ဘာစီလိုနာရဲ့ ကတိမတည်မှုကြောင့်ပဲ မက်ဆီက လာပေါ်တာ ဦးဆောင်နေတဲ့ ဘာစီလိုနာ ဘုတ်အဖွဲ့ကို မကျေမနပ် ဖြစ်ကာ အသင်းဖော်ဟောင်း နေမာ ရှိနေတဲ့ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ မက်ဆီက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို စာချုပ်သစ် ချုပ်ဆိုဖို့လည်း မရေမရာ ဖြစ်နေတာကြောင့် ဘာစီလိုနာဘုတ်အဖွဲ့က မက်ဆီကို အသင်းထံ ပြန်ခေါ်ဖို့ ကြိုးစားနေပြီး ရွတ်စ်တီကတော့ သူတို့ဟာ မက်ဆီရဲ့ အေးဂျင့်အဖွဲ့ထံ ပထမဦးဆုံး အကြိမ် ဆက်သွယ်မှုကို ပြုလုပ်ထားကြောင်း ဆိုလာပါတယ်။

ရွတ်စ်တီက – “ကျွန်တော်တို့က မက်ဆီရဲ့ ကိုယ်စားလှယ်အဖွဲ့ဆီ ဆက်သွယ်ထားပြီးပါပြီ။ လီယိုက ကျွန်တော်တို့တွေ သူ့ကို ဘယ်လောက်အထိ ချစ်လဲ ဆိုတာ သိပါတယ်။ ကျွန်တော်ကတော့ သူ့ကို အသင်းဆီ ပြန်လာစေချင်ပါတယ်။ မက်ဆီကလည်း ဘာစီလိုနာနဲ့ ဘာစီလိုနာမြို့ကို ချစ်မယ် ဆိုတာ သေချာပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မက်ဆီရဲ့ သမိုင်းကြောင်းကို ဘာစီလိုနာမှာ ဆက်ရေးနိုင်အောင် ကြိုးစားသွားပါမယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။