လာလီဂါရဲ့ လက်ရှိချန်ပီယံ ဘာစီလိုနာက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးကို စွန့်ခွာနေတဲ့ တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာက လီဝန်ဒေါစကီး ၊ ရာဖင်ဟာ ၊ အန်ဆု ဖာတီ ၊ ဖာရန်း တောရက်စ် စတဲ့ တိုက်စစ် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် အန်ဆု ဖာတီ ၊ ရာဖင်ဟာနဲ့ ဖာရန်း တောရက်စ်တို့က အထောင်တိုက်စစ်မှူး အဖြစ် မကစားနိုင်တာကြောင့် နောက်ထပ် အထောင်တိုက်စစ်မှူး တဦးကို ထပ်မံ ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

လက်ရှိမှာ ဘာစီလိုနာက အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ ယာအို ဖီးလစ်ကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ဖီးလစ်ရဲ့ လုပ်ခလစာနဲ့ အငှားကြေးကြောင့် ခေါ်ယူနိုင်ဖို့ မလွယ်ကူသေးသလို အက်သလက်တီကို မက်ဒရစ်ကလည်း ဖီးလစ်ကို အငှား + ရာသီကုန်မှာ မဖြစ်မနေ ခေါ်ယူပါ့မယ် ဆိုတဲ့ သဘောတူညီချက်နဲ့ ရောင်းချချင်နေတာကြောင့် နှစ်သင်းကြားမှာ အလုံးစုံ သဘောတူညီမှု ရဖို့ ခက်ခဲနေပါတယ်။

ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ယာအို ဖီးလစ်ကို ခေါ်ယူဖို့ ခက်ခဲနေတာကြောင့် ဖီးလစ်ကိုသာ မရခဲ့ရင်း အစားထိုး ခေါ်ယူမယ့် တိုက်စစ်မှူးတွေကို လိုက်လံ ရှာဖွေ ချိတ်ဆက်နေပြီး ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ လူကာကူဟာ ဘာစီလိုနာရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်နေပါတယ်။

Photo Credit: Football London

 

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ယာအို ဖီးလစ်ကို သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ကာ ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ဖီးလစ်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် အစားထိုး ခေါ်ယူမယ့် တိုက်စစ်မှူးတွေကို လိုက်လံ ရှာဖွေနေပြီး လူကာကူဟာ ဘာစီလိုနာရဲ့ ဦးစားပေး ပစ်မှတ်စာရင်းထဲ ပါဝင်နေကြောင်း သိရပါတယ်။

ချယ်လ်ဆီးကတော့ လူကာကူကို အပြီးသတ် ရောင်းချချင်နေပေမယ့် လူကာကူကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ မရှိရင် တရာသီအငှား + ရာသီကုန်ရင် မဖြစ်မနေ အပြီးသတ် ခေါ်ယူရမယ် ဆိုတဲ့ သဘောတူညီချက်မျိုးနဲ့ အသင်းပြောင်းခွင့် ပေးသွားနိုင်ပါတယ်။