ဘာစီလိုနာအသင်းက သူတို့အသင်းရဲ့ တောင်ပံကစားသမား ရာဖင်ဟာ နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုတို့ကို ကစားသမား အလဲအထပ် လုပ်ဆောင်ဖို့ ယူနိုက်တက်ဘက်က စီစဉ်နေမှုကို စိတ်ဝင်စားခြင်း မရှိဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

မန်ယူနိုက်တက်က အသင်းမှာ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဆန်ချိုကို လာမယ့် ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ရှင်းထုတ်သွားဖို့ ရှိနေပြီး သူ့နေရာအတွက်ကိုလည်း ကစားသမားသစ် ပြန်လည် ဖြည့်တင်းသွားဖို့ ရှိနေပါတယ်။

Photo Credit : Football Espana

ဒေါ့မွန်မှာ တောက်ပခဲ့တဲ့ ဆန်ချိုကို သူ့အသင်းဟောင်း ဒေါ့မွန်အပြင် ဂျုဗင်တပ်စ် ဘာစီလိုနာအသင်းတို့က စိတ်ဝင်စားလျက် ရှိနေပြီး လတ်တလောမှာတော့ ဆန်ချို နဲ့ ဒေါ့မွန်က မာလန်းတို့ အလဲအထပ်သတင်း အပါအဝင် ဆန်ချို နဲ့ ဘာစီလိုနာက ရာဖင်ဟာတို့ရဲ့ အလဲအထပ် သတင်းတွေက ထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်က လိဒ်အသင်းရဲ့ ကစားသမားဟောင်း ရာဖင်ဟာကို ခေါ်ယူဖို့အတွက် ဆန်ချိုနဲ့ ကစားသမားချင်း အလဲအထပ် လုပ်ဆောင်သွားဖို့ စိတ်ဝင်စားနေပြီး ဘာစီလိုနာထံကိုလည်း ကမ်းလှမ်းထားတယ်လို့ သတင်းထွက်ခဲ့ရာ ဒါကို ဘာစီလိုနာက စိတ်မဝင်စားကြောင်း ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit : Tribuna

ယူနိုက်တက်အသင်းက ရာဖင်ဟာကို လိဒ်စ်အသင်းမှာ ကစားနေစဉ်ကတည်းက အသင်းဆီ ခေါ်ဆောင်ဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကလည်း သူ့အသင်းဖော်ဟောင်း ရာဖင်ဟာကို ယူနိုက်တက်ဆီ ပြောင်းရွှေ့လာဖို့ပါ တိုက်တွန်းခဲ့ပါသေးတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းက ပရီးမီးယားလိဂ်အသင်းတွေထက် လက်ဦးမှု ရယူနိုင်ခဲ့ပြီး ရာဖင်ဟာကို လိဒ်စ်ကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဘာစီလိုနာက ရာဖင်ဟာကိုပါ အသင်းကနေ ပြန်လည် ရှင်းထုတ်သွားဖို့ စီစဉ်နေပြီး လာမယ့်နွေမှသာ ရောင်းချသွားဖွယ် ရှိနေပါတယ်။