စပိန်လာလီဂါရဲ့ လက်ရှိ ချန်ပီယံ ဘာစီလိုနာက ယနေ့မနက် အစောပိုင်းမှာ လာလီဂါ ပွဲစဉ်(၁၆) အဖြစ် ဂျီရိုနာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၂-၄ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အသင်းရဲ့ သမိုင်းမှာ ပထမဦးဆုံးအကြိမ် ဂျီရိုနာကို ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ဂျီရိုနာတို့က ဒီရာသီမှာ လာလီဂါ ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေတဲ့ အသင်းတွေ ဖြစ်ကြပြီး ဂျီရိုနာက ပွဲစဉ် (၁၅) အပြီးမှာ ရမှတ် ၃၈မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သလို ဘာစီလိုနာကလည်း ပွဲစဉ်(၁၅) အပြီးမှာ ရမှတ် ၃၄မှတ်နဲ့ အဆင့်(၃) နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

Photo Credit: 90 Min

ဒါကြောင့်ပဲ သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်က ချန်ပီယံပြေးလမ်းကြောင်း အတွက် အရေးပါတဲ့ပွဲ ဖြစ်ခဲ့ပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ နိုင်ပွဲရရှိရေး အတွက် ခြေကုန်ထုတ် ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။

 

အဆိုပါပွဲမှာ အိမ်ရှင်ဖြစ်တဲ့ ဘာစီလိုနာက ဂျီရိုနာကို ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကာ ဖိကစားဖို့ ကြိုးစားခဲ့ပေမယ့် ဧည့်သည် ဂျီရိုနာက ဘာစီလိုနာကို ရှိန်မနေပဲ အပြန်အလှန် တိုက်စစ်ဖွင့် ကစားခဲ့တာကြောင့် ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့ပြီး ပွဲချိန် ၁၂မိနစ်မှာပဲ တိုက်စစ်မှူး ဒေါ့ဗက်က ဂျီရိုနာ အတွက် ဦးဆောင်ဂိုးကို စတင် သွင်းယူပေးခဲ့ပါတယ်။

အဖွင့်ဂိုး ပေးခဲ့ရပြီးနောက် ဘာစီလိုနာက ချေပဂိုး ပြန်ရဖို့ တိုက်စစ်မြှင့် ကစားလာခဲ့ပြီး ပွဲချိန် ၁၉မိနစ်မှာ လီဝန်ဒေါစကီးက ဘာစီလိုနာ အတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ တဖက် တဂိုးစီ ဖြစ်သွားပြီးနောက် နှစ်သင်းစလုံးက အပြန်အလှန် ဂိုးသွင်းခွင့်တွေ ရခဲ့ကြပြီး ဧည့်သည် ဂျီရိုနာက ဂိုးသွင်းခွင့်တွေကို ပိုမို အသုံးချနိုင်ခဲ့တာကြောင့် ဂူတီယာရက်နဲ့ ဖာနန်ဒက်ဇ်တို့က ပွဲချိန် ၄၀မိနစ်နဲ့ ၈၀မိနစ်တွေမှာ ဂျီရိုနာ အတွက် ဦးဆောင်ဂိုးတွေကို ထပ်ပြီး သွင်းယူပေးခဲ့ပါတယ်။

Photo Credit: FC Barcelona

ပွဲချိန် ၉၀+၂မိနစ်မှာ ဂန်ဒိုဂန်က ဘာစီလိုနာ အတွက် သရေတပေါက် မျှော်လင့်နိုင်မယ့် ချေပဂိုး ၁ဂိုး ထပ်သွင်းပေးခဲ့ပေမယ့် ပွဲချိန် ၉၀+၅မိနစ်မှာ စတူအာနီက ဂျီရိုနာ အတွက် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူပေးရင် ဘာစီလိုနာရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဂျီရိုနာက ပွဲစဉ်(၁၆) အပြီးမှာ ရမှတ် ၄၁မှတ်နဲ့ အဆင့်(၁)နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ ဘာစီလိုနာကတော့ အဆင့်(၄)နေရာဆီ ဆင်းပေးခဲ့ရပါတယ်။