စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက သူတို့ရဲ့ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် လာမယ့် ၂၀၂၅ခုနှစ်မှာ မန်ချက်စတာ စီးတီးရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ အစီအစဉ် စဆွဲနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

ဘာစီလိုနာက ၂၀၂၀ခုနှစ် နောက်ပိုင်းမှာ ဆိုးရွားတဲ့ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အရင်လို ကြယ်ပွင့် ကစားသမားတွေကို မခေါ်ယူနိုင်တော့သလို အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းတွေကို ဖြေရှင်းဖို့ အသင်းပိုင် ဘာစီလိုနာစတူဒီယိုရဲ့ ရာခိုင်နှုန်း တချို့ကိုလည်း ရောင်းချထားရပါတယ်။

Photo Credit: Goal

ဘာစီလိုနာက ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ရုန်းကန်နေရချိန်မှာ အသင်းရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမားတွေကို နေရာပေး အသုံးပြုနေရပြီး လာမာစီယာ အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်ကြတဲ့ ပီဒရီ ၊ ဂါဗီ ၊ ဘယ်လ်ဒီ ၊ ယာမယ်လ် စတဲ့ ကစားသမားတွေဟာ ဘာစီလိုနာရဲ့ အဓိက ကစားသမားတွေ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

ဘာစီလိုနာက အကယ်ဒမီထွက် ကစားသမားတွေကို အားပြုနေရချိန်မှာ သူတို့ရဲ့ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကတော့ ကြယ်ပွင့် ကစားသမားတွေကို ငွေကြေးမြောက်မြားစွာ ပေးကာ ခေါ်ယူနေပြီး ရီးရဲလ်မက်ဒရစ်က လာမယ့် နွေဈေးကွက်မှာလည်း ပြင်သစ်ကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေကို လက်မှတ်ထိုးကြေး အများအပြား ပေးကာ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၃ဦး စာရင်းဝင်သူ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်ကသာ အမ်ဘာပေကို ခေါ်ယူနိုင်ခဲ့ရင် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ ကြားထဲမှာ ကြီးမားတဲ့ ကွာဟချက်တွေ ဖြစ်လာနိုင်ပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ယှဉ်နိုင်ဖို့ အတွက် အမ်ဘာပေရဲ့ ပြိုင်ဘက်လို့ တင်စားခံထားရတဲ့ နော်ဝေဂိုးသွင်းစက် အာလင်း ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှ စတင်ကာ သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာဖို့ မျှော်လင့်ထားတာကြောင့် ၂၀၂၅ခုနှစ် နွေဈေးကွက်မှာ ဟာလန်းကို ခေါ်ယူဖို့ အစီအစဉ် ဆွဲနေပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ဟာလန်းဟာ သူတို့အသင်းဆီ ပြောင်းလာလိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရှိရပါတယ်။

အကယ်၍ အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းပြီး ဟာလန်းကသာ ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့မယ် ဆိုရင် မက်ဆီနဲ့ ရိုနယ်ဒိုလိုမျိုး အမ်ဘာပေနဲ့ ဟာလန်းရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို မြင်တွေ့ရနိုင်တာကြောင့် လာလီဂါအဖွဲ့ချုပ်ကလည်း သူတို့လိဂ်ရဲ့ ပုံရိပ်ကို ပြန်လည် မြှင့်တင်နိုင်ဖို့ ဘာစီလိုနာက ဟာလန်းကို ခေါ်ယူနိုင်အောင် တဖက်တလမ်း ကနေ အကူအညီ ပေးဖွယ် ရှိကြောင်း စပိန်သတင်းရင်းမြစ် တချို့ကလည်း ဆိုထားပါတယ်။