စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ဘယ်နောက်ခံလူ အယ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို့ အတွက် ဒေးဗီးစ်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် ကနေဒါလက်ရွေးစင် ဘယ်နောက်ခံလူ အယ်ဖွန်ဆို ဒေးဗီးစ်က ၂၀၁၉ခုနှစ်မှာ အမေရိကန်ကလပ် ဗန်ကူဗာ ကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၁၄သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက ဘယ်နောက်ခံလူ အဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အယ်ဖွန်ဆို ဒေးဗီးစ်က ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှ စတင်ကာ ဘိုင်ယန်မြူးနစ်ရဲ့ ဘယ်နောက်ခံနေရာကို အပိုင်စား ရခဲ့ပြီး သူက ၅နှစ်တာ ကာလအတွင်းမှာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၁၈၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂၈ကြိမ် ရရှိထားပါတယ်။

အယ်ဖွန်ဆို ဒေးဗီးစ်က ကမ္ဘာ့အဆင့် ဘယ်နောက်ခံလူ တဦး အဖြစ် သတ်မှတ်ခံထားရတာကြောင့် ဘိုင်ယန်မြူးနစ်က သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ အယ်ဖွန်ဆို ဒေးဗီးစ်တို့ရဲ့ ကြားထဲမှာ စာချုပ်သစ် အတွက် သဘောတူညီမှု မရသေးပါဘူး။

Photo Credit: Standard

အယ်ဖွန်ဆို ဒေးဗီးစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ လက်ရှိစာချုပ်က လာမယ့် ၂၀၂၅ခုနှစ် ဇွန်လမှာ သက်တမ်းကုန်ဆုံးဖို့ ရှိနေတာကြောင့် ဒေးဗီးစ်ရဲ့ အေးဂျင့်က သူ့ရဲ့ ကစားသမား အတွက် ဥရောပ ထိပ်သီးအသင်းတွေနဲ့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ဒေးဗီးစ်ရဲ့ အေးဂျင့်က စပိန်နိုင်ငံဆီ ရောက်ရှိလာပါတယ်။

ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ ဒေးဗီးစ်ရဲ့ အေးဂျင့်က ဘာစီလိုနာမြို့ဆီ ၃ရက်ကြာ လာရောက်ခဲ့စဉ်မှာ ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ ဒေကိုနဲ့ တွေ့ဆုံကာ ဒေးဗီးစ်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ဒေးဗီးစ်ရဲ့ အေးဂျင့်က သူ့ရဲ့ ကစားသမားကို ခေါ်ချင်ရင် တနှစ် အသားတင် လုပ်ခလစာ ယူရို ၁၂သန်း + အပိုဆုကြေးတွေ ပေးချေဖို့ လိုအပ်ကြောင်း အသိပေးခဲ့တယ်လို့ သိရှိရပါတယ်။