စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက သူတို့အသင်းရဲ့ အားနည်းချက် တရပ်လို ဖြစ်နေတဲ့ ဘယ်နောက်ခံလူနေရာ အတွက် ချယ်လ်ဆီးရဲ့ စပိန် ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ခရစ်ရှန် ဖော့ခ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာက ယခု နွေဈေးကွက် အတွင်းမှာ ကတ်ဆီး ၊ ခရစ်တန်ဆန် ၊ ရာဖင်ဟာနဲ့ လီဝမ်ဒေါစကီးတို့လို အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူထားနိုင်ပေမယ့် သူတို့ရဲ့ ခံစစ်ကြောင်းကို ထပ်မံ အားဖြည့်ဖို့ ကြိုးပမ်းနေပြီး ဘာစီလိုနာက ဗဟိုခံစစ်မှူး တဦး ၊ ဘယ်နောက်ခံလူ တဦးနဲ့ ညာနောက်ခံလူ တဦးတို့ကို ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

တဖက်မှာ အသက် ၃၁နှစ် အရွယ် စပိန်လက်ရွေးစင် ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုက သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိလာချိန်မှာ မွေးရပ်မြေ စပိန်နိုင်ငံဆီ ပြန်လည် ပြောင်းရွှေ့ချင်ပြီး သူနဲ့ ချယ်လ်ဆီးတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းကလည်း ၁နှစ်သာ ကျန်ပါတော့တယ်။

လက်ရှိမှာတော့ အလွန်ဆိုက ချယ်လ်ဆီးနဲ့ စာချုပ်သစ် မချုပ်တော့ပဲ ယခု နွေဈေးကွက် အတွင်းမှာတင် စပိန်မြေဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေနဲ့ အလွန်ဆိုရဲ့ အေးဂျင့်တို့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက အလွန်ဆိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေရာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရဖို့ အရမ်းကို နီးစပ်နေပြီး ချယ်လ်ဆီးကလည်း အလွန်ဆိုကို ရောင်းချဖို့ ဆုံးဖြတ်ထားတာကြောင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုသာ ရသွားရင် ဘာစီလိုနာက အလွန်ဆိုကို အချိန်တိုအတွင်းမှာပဲ ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။

ချယ်လ်ဆီးကတော့ အလွန်ဆို အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် ရရှိရင် အလွန်ဆိုကို ရောင်းချဖို့ ဆုံးဖြတ်ထားပေမယ့် ယခု နွေဈေးကွက် အတွင်းမှာ သူတို့ရဲ့ ပစ်မှတ် ကစားသမားတွေကို ကြားဖြတ် ခေါ်ယူနေတဲ့ ဘာစီလိုနာဆီ အလွန်ဆိုကို မရောင်းချချင်ကြောင်း နီးစပ်သူတွေက ပြောကြားထားပါတယ်။