စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက လာလီဂါ ဒိုင်အဖွဲ့ချုပ်ရဲ့ ဒုတိယ ဥက္ကဌဟောင်း နီဂရီရာကို တရားမဝင် ငွေကြေး ပေးအပ်ခဲ့မှုကြောင့် လာဘ်ထိုးမှုနဲ့ တရားစွဲခံလိုက်ရကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ RMC Sports သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာက ၂၀၀၁ခုနှစ် ကနေ ၂၀၁၈ခုနှစ် အတွင်းမှာ ဒိုင်အဖွဲ့ချုပ်ရဲ့ အရေးပါတဲ့ အဖွဲ့ဝင် တဦး ဖြစ်သူ နီဂရီရာရဲ့ ကိုယ်ပိုင် ကုမ္ပဏီဆီ စုစုပေါင်း ငွေကြေး ယူရို ၇.၃သန်း အထိ လွှဲပေးခဲ့တာကြောင့် အခုလိုမျိုး လာဘ်ထိုးမှုနဲ့ တရားစွဲခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဘာစီလိုနာက လာလီဂါ ဒိုင်လူကြီးတွေရဲ့ အရည်အသွေး မြှင့်တင်ရေး အတွက် နီဂရီရာဆီ ငွေကြေးတွေ လှူဒါန်းခဲ့တာ ဖြစ်ကြောင်း ပြန်လည် ဖြေရှင်းထားပေမယ့် လာလီဂါ ဒိုင်အဖွဲ့ချုပ်က ဘာစီလိုနာအသင်း လှူဒါန်းခဲ့တဲ့ ငွေကြေးတွေကို လက်ခံ ရရှိခြင်း မရှိကြောင်း ပြောကြားအပြီးမှာ စပိန်အာဏာပိုင်တွေက နီဂရီရာကို လာဘ်ပေးလာဘ်ယူလုပ်မှုနဲ့ စွဲချက်တင် စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

စပိန်အာဏာပိုင်တွေရဲ့ အစိုးရရှေ့နေတွေက ဘာစီလိုနာနဲ့ နီဂရီရာတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ ဆက်နွယ်မှုတွေကို အသေးစိတ် စုံစမ်းမှုတွေ ပြုလုပ်ခဲ့ရာ လာဘ်ပေးလာဘ်ယူ လုပ်ခဲ့ကြောင်း သိသာစေတဲ့ သက်သေတချို့ တွေ့ရှိခဲ့တာကြောင့် ယမန်နေ့မှာ ဘာစီလိုနာကို လာဘ်ထိုးမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာရဲ့ တာဝန်ရှိသူ တဦးကတော့ သူတို့ဟာ ဒိုင်လူကြီးတွေရဲ့ ပစားပေးမှုကို ရရှိချင်လို့ အခုလိုမျိုး ငွေကြေးပေးအပ်မှုတွေ လုပ်ခဲ့တာ မဟုတ်ကြောင်း ၊ ဒိုင်လူကြီးတွေကို ငွေကြေး အပါအဝင် ဘယ်လိုအရာနဲ့မှ သွေးဆောင်တဲ့ လုပ်ရပ်မျိုးဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေ ဖြစ်ကြောင်း ၊ အစိုးရရှေ့နေတွေက ဘာစီလိုနာကို လာဘ်ထိုးမှုနဲ့ တရားစွဲခဲ့တာဟာ မသင့်လျော်တဲ့ လုပ်ရပ် တခု ဖြစ်ပြီး ဘာစီလိုနာဟာ စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့် ရှိနေကြောင်း နီးစပ်ရာ သတင်းဌာနဆီ ပြောကြားထားပါတယ်။

လာလီဂါ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌဖြစ်သူ တေဗက်ကတော့ ဘာစီလိုနာနဲ့ နီဂရီရာတို့ရဲ့ အမှုကိစ္စဟာ လွန်ခဲ့တဲ့ ၅နှစ်ကျော် ကာလမှာ ဖြစ်ပွားခဲ့တဲ့ အမှုကိစ္စ ဖြစ်တာကြောင့် လာလီဂါက ဘာစီလိုနာကို အရေးယူမှုတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ တရားဝင် ပြောဆိုထားပါတယ်။

ဒါကြောင့် ဘာစီလိုနာက အကယ်၍ လာဘ်ထိုးမှု လုပ်ဆောင်ခဲ့တယ်လို့ စစ်ဆေး တွေ့ရှိရင်တောင် အားကစားဆိုင်ရာ ပြစ်ဒဏ်တွေ ချမှတ်ခံရမှာ မဟုတ်ပဲ ဒဏ်ငွေဆောင်ရတာ (သို့) နီဂရီရာကို လာဘ်ထိုးခဲ့တဲ့ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေဟာ သက်ဆိုင်ရာ ဥပဒေနဲ့ အညီ တရားစွဲခံရတာ စတဲ့ ပြစ်ဒဏ်တွေကို ကျခံရနိုင်ပါတယ်။