ဘာစီလိုနာအသင်း နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ လာမယ့် ဘောလုံးရာသီထဲ အသင်းနည်းပြသစ် ခန့်အပ်သွားဖို့အတွက် လေဗာကူဆင်အသင်းရဲ့ နည်းပြဖြစ်သူ ဇာဘီ အလွန်ဆိုကို အပြိုင်လုသွားကြဖို့ ရှိနေကြပါတယ်။

စပိန် ကွင်းလယ်ကစားသမားဟောင်းကြီး အလွန်ဆိုဟာ ကစားသမားဘဝက အနားယူပြီးနောက်ပိုင်း နည်းပြလောကထဲကို ဝင်ရောက်လာတာ မကြာသေးပေမယ့်လည်း လက်ရှိ လေဗာကူဆင်အသင်းအတွက် သူစွမ်းဆောင်ပေးထာတာတွေက လုံးဝ အထင်ကြီးလောက်စရာတွေ ဖြစ်နေရပါတယ်။

Photo Credit : talkSPORT

ဒီဘောလုံးရာသီမှာ လေဗာကူဆင်အသင်းကို ဆုဖလား (၃)လုံး လမ်းကြောင်းပေါ် ရောက်ရှိနေအောင် စွမ်းဆောင်ထားတဲ့ အလွန်ဆိုရဲ့ အနာဂတ် အခြေအနေက အတော်လေးကို တောက်ပလျက် ရှိနေပြီး သူ့ကို ဥရောပ ထိပ်သီးအသင်း တော်တော်များများက အပြိုင်အဆိုင် စိတ်ဝင်စားလာကြပါတယ်။

ဒီအသင်းတွေထဲမှာ အလွန်ဆိုရဲ့ အသင်းဟောင်းတွေဖြစ်တဲ့ လီဗာပူးလ် ဘိုင်ယန်မြူးနစ်တို့အပြင် ချယ်လ်ဆီး ဘာစီလိုနာတို့လည်း ပါဝင်လာကြပြီး ဒီအသင်းတွေကလည်း လာမယ့်နွေမှာပဲ အသင်းနည်းပြ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ ရှိနေကြတာ ဖြစ်ပါတယ်။

Photo Credit : Bavarian Football Works

လတ်တလောမှာတော့ ဒီအသင်းတွေထဲကမှ ဘာစီလိုနာ နဲ့ ဘိုင်ယန်မြူးနစ်တို့ကတော့ အလွန်ဆိုကို အလိုရှိဆုံး ဖြစ်နေကြပြီး ဘာစီလိုနာကလည်း ဇာဗီ ဟာနန်ဒက်ဇ်နေရာအတွက် အလွန်ဆိုကို လိုချင်နေသလို ဘိုင်ယန်ကလည်း တူဟယ်လ်ရဲ့နေရာမှာ အလွန်ဆိုနဲ့ အစားထိုးသွားချင်နေပါတယ်။

အလွန်ဆိုအနေနဲ့ကတော့ လက်ရှိမှာ လေဗာကူဆင်အတွက်ပဲ အပြည့်အဝ အာရုံစိုက်နေမှာဖြစ်ပြီး ဘာစီလိုနာက သူ့အသင်းဟောင်း ရီးယဲလ်ရဲ့ မဟာပြိုင်ဘက် ဖြစ်ပေမယ့် သူ့ဖခင် ကစားခဲ့ဖူးတဲ့ အသင်းဟောင်း ဖြစ်နေလို့ စဉ်းစားစရာ ဖြစ်နိုင်သလို ဘိုင်ယန်ကလည်း လေဗာကူဆင်ရဲ့ ပြိုင်ဘက် ဖြစ်ပေမယ့်လည်း ကစားသမားဘဝရဲ့ နောက်ဆုံးကလပ် ဖြစ်ခဲ့တာမို့ ဘိုင်ယန်ကလည်း သူ့အတွက် စဉ်းစားစရာ option တစ်ခု ဖြစ်လာနိုင်ပါတယ်။