ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဝါရင့် ကွင်းလယ်ကစားသမားကြီး ဆာဂျီယိုဘူးစကတ်စ်ရဲ့နေရာမှာ ရေရှည် အစားထိုးနိုင်မယ့် ကွင်းလယ်လူတစ်ဦးကို ရှာဖွေလျက် ရှိနေရာ လက်ရှိမှာ ချယ်လ်ဆီးအသင်းရဲ့ အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို စိတ်ဝင်စားနေပြီး လာမယ့် ဇန်နဝါရီ ဆောင်းရာသီ ဈေးကွက်ဖွင့်ချိန်မှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ်ပါ ရှိနေပါတယ်။

Jorginho could be a replacement for midfielder Sergio Busquets whose contract end this year

Photo Credit : Daily Mail

ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး အသင်းမှာလည်း (၁၄)နှစ်ကျော်ကြာ ပါဝင်ကစားခဲ့သူ စပိန် ကွင်းလယ်ကစားသမားကြီး ဘူးစကတ်စ်ဟာ အခုဆိုရင် အသက်(၃၄)နှစ်အရွယ် ရှိနေပြီဖြစ်သလို ရာသီအကုန်မှာပဲ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဘာစီလိုနာနည်းပြ ဇာဗီက ဘူးစကတ်စ်နေရာမှာ အစားထိုးနိုင်မယ့် ကွင်းလယ်လူတစ်ဦးကို ရှာဖွေနေတာ ဖြစ်ပါတယ်။ The Sun သတင်းစာရဲ့ ဖော်ပြချက်အရတော့ ဇာဗီဟာ ချယ်လ်ဆီးရဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို မျက်စိကျနေပြီး ဆောင်းဈေးကွက်အဖွင့်မှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ပါ စဉ်းစားလာခဲ့တယ်လို့ ဖော်ပြလာပါတယ်။

Barcelona are reportedly keen to freshen up the midfield and Chelsea Jorginho is a target

Photo Credit : Daily Mail

အသက်(၃၀)အရွယ်ရှိ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ၂၀၁၈ခုနှစ်ကတည်းက နာပိုလီကနေ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလားအအြပင် ဥရောပ အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဂျော်ဂျင်ဟိုကလည်း ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းက ၂၀၂၃ခုနှစ် ဇူလိုင်လအထိသာ ကျန်ရှိနေတော့တာဖြစ်လို့ ဘာစီလိုနာဘက်က ဂျော်ဂျင်ဟိုကို သူရဲ့စာချုပ်သက်တမ်း (၆)လသာ ကျန်ရှိတော့မယ့် ဇန်နဝါရီလမှာ cut-price တန်ကြေးနဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့နဲ့ တကယ်လို့ ဒီကမ်းလှမ်းမှု အဆင်မပြေခဲ့ရင်လည်း လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် အကြိုသဘောတူညီမှု ရရှိနိုင်အောင် ဆောင်ရွှက်ဖွယ် ရှိနေပါတယ်။ ဘာစီလိုနာက ဒီနှစ် နွေဈေးကွက်ကတည်းကမှာပဲ ချယ်လ်ဆီးရဲ့ ကစားသမားတွေဖြစ်တဲ့ အလွန်ဆိုနဲ့ ခရစ္စတန်ဆန်တို့ကို ခေါ်ယူထားခဲ့သလို အက်ဇ်ပီလီကွယ်တာကိုပါ ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပြီး အခုလည်း ဂျော်ဂျင်ဟိုကိုပါ ထပ်မံ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးက နည်းပြသစ် ဂရေဟမ်ပေါ်တာနဲ့ စတင် လည်ပတ်နေချိန်ဖြစ်လို့ ဂျော်ဂျင်ဟို အပါအဝင် အသင်းမှာ ဘယ်ကစားသမားမှ ပုံမှန်နေရာရဖို့ မလွယ်ကူပဲ ပေါ်တာ သဘောကျအောင် ကစားပြနိုင်ဖို့ လိုအပ်နေသလို အသင်းက နွေရာသီမှာ ကွင်းလယ်ပိုင်းအတွက် လူငယ် ကစားသမားတွေ ခေါ်ယူထားပြီး လာမယ့်နွေမှာပါ ပေါ်တာက သူရဲ့တပည့်ဖြစ်သူ ကိုင်စီဒိုကိုပါ ခေါ်ယူဖွယ်လည်း ရှိနေတာကြောင့် ဂျော်ဂျင်ဟိုကို လက်လွတ်သွားဖွယ် ရှိလာနိုင်ပါတယ်။