ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဂိုးသမားပိုင်းကို အင်အား ဖြည့်တင်းဖို့အတွက် လပေါင်းများစွာ အသင်းလက်မဲ့ ဖြစ်နေတဲ့ စပိန်လက်ရွေးစင်ဟောင်း ဂိုးသမား ဒေးဗစ် ဒီဂီယာကို အလွတ်နဲ့ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရပါတယ်။

အသက် (၃၃)နှစ်အရွယ် ဂိုးသမား ဒီဂီယာဟာ ဒီနှစ်နွေမှာကတည်းက မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းလက်မဲ့ ဖြစ်နေရပါတယ်။ Free agent player ဖြစ်ချိန်ကနေစပြီး အသင်းပေါင်းများစွာနဲ့ သတင်းထွက်ခဲ့တဲ့ ဒီဂီယာ အခုထိ အသင်းသစ် မရရှိသေးပဲ အသင်းလက်မဲ့သာ ဖြစ်နေရပါတယ်။

Photo Credit : SportMax

တကယ်တော့ ဒီဂီယာဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်မှာ ဆယ်စုနှစ်တစ်ခုကျော်အထိ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့် အရည်အသွေးမြင့် ဂိုးသမားတစ်ဦးဖြစ်လို့ သူ့ကို ကလပ်အသင်းများစွာက စိတ်ဝင်စားပေမယ့်လည်း သူရဲ့ လစာမြင့်မားမှုက ပြသာနာတစ်ခုလို ဖြစ်နေပါတယ်။

ဒါပေမယ့် ဒီဂီယာကတော့ လက်ရှိမှာ ဘောလုံးနယ်ပယ်ထဲကို ပြန်လည် ခြေချဖို့ ဆန္ဒရှိနေပြီး စပိန် လာလီဂါပြိုင်ပွဲဝင် ကလပ်အသင်း တစ်သင်းသင်းမှာ ပါဝင် ကစားသွားချင်နေပါတယ်။ ဒါကို ဘာစီလိုနာအသင်းက စတင် အသုံးချသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

ဘာစီလိုနာအသင်းမှာ ပင်တိုင် ဂိုးသမား တာစတီဂျန်နဲ့ အရန် ဂိုးသမား ပီနာတို့လို အရည်အသွေးမြင့် ဂိုးသမားတွေ ရှိနေပေမယ့် ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူပြီး ပီနာကိုတော့ ပြောင်းရွှေ့ကြေး တစ်ခုခုနဲ့ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

ဒါပေမယ့် ဒီဂီယာရဲ့ လုပ်ခနှုန်းထားက ဘာစီလိုနာလို ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အသင်းအတွက် ပြသာနာတစ်ခု ဖြစ်လာနိုင်သလို ဒီဂီယာက ဘာစီလိုနာကို ပြောင်းရွှေ့ရင်လည်း တာစတီဂျန်ရဲ့ အရန်အဖြစ်နဲ့သာ ကစားရမှာဖြစ်လို့ ဒါကလည်း ဒီဂီယာအတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။