Ballon d’Or ဆုကို (၈)ကြိမ်တိုင်တိုင် စံချိန်တင် ဆွတ်ခူးနိုင်ခဲ့တဲ့ လီယွန်နယ် မက်ဆီက သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းက ဒီနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အဆင့်သင့် ဖြစ်နေပြီလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့ရင်း အသင်းလိုက် ဆုဖလားတွေရော တစ်ဦးချင်း ဆုတွေပါ ဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီဟာ သူ့အသင်းဟောင်းက ဒီရာသီ ချန်ပီယံလိဂ်မှာ အခြေအနေကောင်းတစ်ခုကို ဖန်တီးသွားနိုင်တယ်လို့ ခန့်မှန်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Barca Universal

“ကျွန်တော် ဘာစီလိုနာအသင်းကို အားပေးနေမှာ အသေအချာပါပဲ။ ဘာစီလိုနာဆိုတာက ကျွန်တော် မြတ်နိုးရတဲ့ ကလပ်အသင်း ဖြစ်နေသလို ဘဝတစ်လျှောက်လုံးလည်း အမြဲချစ်သွားရမယ့် အသင်းပါ။ သူတို့မှာ ကောင်းမွန်တဲ့ ကစားသမား အစုအဖွဲ့တစ်ခု ပိုင်ဆိုင်နေပါတယ်။”

“သူတို့က ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ခုခု လုပ်ပြဖို့အတွက် အဆင့်သင့် ဖြစ်နေပါပြီ။ ဒီဖလားကြီးအတွက် ရေပန်းစားနေတဲ့ အသင်းတွေထဲမှာပါ အပါအဝင် ဖြစ်နေပြီဆိုတာ သံသယ မရှိနိုင်ပါဘူး။ ဖိအားတွေ အရမ်းမဝင်ဖို့သာ လိုအပ်တာပါ။” လို့ မက်ဆီက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter X

ဒါ့အပြင် မက်ဆီက သူ့အသင်းဟောင်းနဲ့ ပတ်သက်ပြီးတော့လည်း သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး အသင်း ၊ ကလပ်အသင်းတွေထဲမှာ အကောင်းဆုံးအသင်း နဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းမှာ ပါဝင်ခွင့်ရခဲ့တာ သူ့အတွက် အလွန်ကို ကံကောင်းခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး မက်ဆီက သူ့အနေနဲ့ ဘာစီလိုနာအသင်းဆီ ပြန်သွားချင်ပါကြောင်း ၊ အသင်းဟောင်းဆီကို တစ်နည်းနည်းနဲ့တော့ ပြန်သွားနိုင်ကြောင်းကိုလည်း ဘာလွန်းဒေါဆုပေးပွဲအတွင်းမှာ ပြောကြားခဲ့ပါတယ်။