စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ နွေရာသီ ထိပ်သီးပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဆီဗီးလား ခံစစ်မှူး ခွန်ဒေကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ကာလရှည် အားနည်းချက် တခုလို ဖြစ်နေတဲ့ ခံစစ်ကြောင်းကို ပြင်ဆင်ဖို့ အဓိကထား ကြိုးပမ်းနေတဲ့ အသင်း ဖြစ်ပြီး ဆီဗီးလား ခံစစ်မှူး ခွန်ဒေ ၊ နာပိုလီ ခံစစ်မှူး ကူလီဘလီနဲ့ ဂျူဗင်တပ် ခံစစ်မှူး ဒီလစ်တို့ဟာ သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမားတွေပဲ ဖြစ်ပါတယ်။

Photo Credit: Marca

အဆိုပါ ကစားသမား သုံးဦးအနက် ဘာစီလိုနာနည်းပြ ဇာဗီရဲ့ စိတ်ကြိုက် ကစားသမားက ဆီဗီးလားနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို လာလီဂါပြိုင်ပွဲမှာ အသားကျပြီးသား ခံစစ်မှူး ခွန်ဒေ ဖြစ်ပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေကလည်း ဇာဗီရဲ့ တောင်းဆိုချက်အရ ခွန်ဒေကို ခေါ်ယူနိုင်ဖို့ အပူတပြင်း ကြိုးပမ်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဘာစီလိုနာက ခွန်ဒေကို ခေါ်ယူနိုင်ဖို့ ဆီဗီးလားနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို ခွန်ဒေရဲ့ အေးဂျင့်နဲ့ပါ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ခွန်ဒေကလည်း ချယ်လ်ဆီးဆီ မပြောင်းရွှေ့နိုင်ခဲ့တဲ့နောက် ဘာစီလိုနာဆီသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ယနေ့မနက် အစောပိုင်းမှာပဲ ခွန်ဒေကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ ပဏာမ သဘောတူညီချက် ရယူနိုင်ခဲ့ပြီး ဘာစီလိုနာနည်းပြ ဇာဗီကလည်း သူတို့အသင်းဆီ ပြောင်းရွှေ့လာဖို့ ခွန်ဒေထံ နေ့စဉ် ဖုန်းဆက်ကာ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ဘာစီလိုနာက ခွန်ဒေကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ဆီဗီးလားနဲ့တော့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရယူနိုင်ဖို့ ခက်ခဲနေပြီး ဆီဗီးလားဘက်က ခွန်ဒေအတွက် ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း အထိ လိုချင်နေပေမယ့် ဘာစီလိုနာကတော့ ခွန်ဒေအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကျော်သာ သုံးစွဲချင်နေပါတယ်။