စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ နွေရာသီ နံပါတ်တစ် ပစ်မှတ် ခံစစ်မှူး ဖြစ်တဲ့ ဆီဗီးလား ခံစစ်မှူး ခွန်ဒေကို ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ဘာစီလိုနာရဲ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာက ယခု နွေဈေးကွက် အတွင်းမှာ တော်ရီ ၊ခရစ်တန်ဆန် ၊ ကတ်ဆီး ၊ ရာဖင်ဟာ ၊ လီဝမ်ဒေါစကီး စတဲ့ ကစားသမားတွေကို ခေါ်ယူထားနိုင်ပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အားနဲ့ ပတ်သတ်ပြီး ကျေနပ်မှု မရှိသေးပဲ အရည်အသွေးမြင့် ဗဟိုခံစစ်မှူး တဦးနဲ့ ဒီဂျောင် ထွက်ခွာသွားရင် သူ့ရဲ့ နေရာအတွက် အစားဝင်မယ့် ကွင်းလယ်တိုက်စစ် ကစားသမား တဦးတို့ကို ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

Photo Credit: Team Talk

အထူးသဖြင့် ဘာစီလိုနာက အသင်းနည်းပြ ဇာဗီရဲ့ စိတ်ကြိုက် ဗဟိုခံစစ်မှူး ဖြစ်သူ ဆီဗီးလား ခံစစ်မှူး ခွန်ဒေကို အပူတပြင်း ကြိုးပမ်းနေပြီး ဆီဗီးလားကလည်း အသင်းနဲ့ စာချုပ်သက်တမ်း မတိုးဖို့ သေချာနေတဲ့ ခွန်ဒေကို ယခု နွေရာသီဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိမှာတော့ ခွန်ဒေကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာအပြင် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးကပါ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးက ခွန်ဒေအတွက် ဆီဗီးလားနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ ဘာစီလိုနာကတော့ ခွန်ဒေနဲ့ ဆွေးနွေးမှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ယနေ့ နေ့လယ်မှာပဲ ခွန်ဒေကို ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ဆီဗီးလားရဲ့ အားကစားဒါရိုက်တာ မွန်ချီနဲ့ တွေ့ဆုံကာ ခွန်ဒေရဲ့ ပြောင်းရွှေ့ကြေး အတွက် ဆက်လက် ညှိနှိုင်းနေကြောင်း သိရပါတယ်။

ဆီဗီးလားကတော့ သူတို့အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး ခွန်ဒေအတွက် ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း ဝန်းကျင် အလိုရှိနေပြီး ဘာစီလိုနာက ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း + ကစားသမား တဦး အလိုက်ပေးကာ ခွန်ဒေကို ကမ်းလှမ်းဖို့ ပြင်ဆင်ထားပါတယ်။