ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ် ကနေ ပြင်သစ် လီဂူးဝမ်းကလပ် ရိမ်းဆီ ၁ရာသီအငှားနဲ့ ပြောင်းရွှေ့ကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ လူငယ်ကြယ်ပွင့် ဘာလိုဂန်ကတော့ သူဟာ လာမယ့် ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ကစားပေးဖို့ ယတိပြတ် မဆုံးဖြတ်ရသေးကြောင်းနဲ့ သူ့ရဲ့ အနာဂတ် အတွက် သေချာ ဆွေးနွေး ဆုံးဖြတ်ရဦးမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: The Sun

အာဆင်နယ်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် ဘာလိုဂန်က တောင်ပံတိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ အထောင်တိုက်စစ်မှူး နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက အာဆင်နယ်မှာ တောင်ပံတိုက်စစ် ကစားသမား အဖြစ် ကစားခဲ့ရပေမယ့် ရိမ်းစ်မှာတော့ နောက်ချန်တိုက်စစ်မှူးနဲ့ အထောင်တိုက်စစ်မှူး နေရာတွေမှာ ကစားခွင့် ရနေသူပါ။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဘာလိုဂန်က အာဆင်နယ် ကနေ ရိမ်းစ်ဆီ စတင် ရောက်ရှိတဲ့ အချိန်မှာပဲ ပုံမှန် ပွဲထွက်ခွင့် ရခဲ့သလို ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းတွေကိုလည်း ပြသနိုင်ခဲ့ပြီး သူက ရိမ်းစ်အတွက် လီဂူးဝမ်းပြိုင်ပွဲ တခုထဲမှာတင် ၂၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၇ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ဘာလိုဂန်က အသက် ၂၁နှစ်အောက် လူငယ် ကစားသမားတွေ အနက် သွင်းဂိုး အများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်နေသလို အာဆင်နယ်ရဲ့ ပရိသတ်တွေကလည်း သူ့ကို လာမယ့်ရာသီမှာ အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

ဒါပေမယ့် ဘာလိုဂန်ကတော့ ပုံမှန် ပွဲထွက်ခွင့် အတွက် အာမခံချက် ပေးနိုင်မှ အာဆင်နယ်ဆီ ပြန်ကာ ကစားဖို့ ဆုံးဖြတ်ထားပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ဘာလိုဂန်က သူ့ရဲ့ အနာဂတ် အတွက် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ သေချာ တိုင်ပင် ဆွေးနွေးပြီးမှ လုပ်သင့်တာကို လုပ်မယ်လို့ ဆိုလာပါတယ်။

ဘာလိုဂန်က – “ကျွန်တော်က အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို သေချာ မသိသေးပါဘူး။ ဘောလုံးလောကမှာ ခဏလေးနဲ့ ကိစ္စတွေ အများကြီး ဖြစ်တတ်သလို အရာအားလုံးလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်က လာမယ့် နွေရာသီမှာ လုပ်မယ့် ကျွန်တော်နဲ့ တာဝန်ရှိသူတွေနဲ့ စကားဝိုင်းရဲ့ ရလဒ်အပေါ် မူတည်ပြီး ပြောင်းလဲသွားပါလိမ့်မယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။