လာမယ့်နွေမှာ လီဗာပူးလ်အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် နည်းပြကြီး ယာဂင် ကလော့ပ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ကြိုးပမ်း ဆောင်ရွက်သင့်တယ်လို့ အသင်းဟောင်း ဘာစီလိုနာအား တိုက်စစ်မှူး အူဘာမီယန်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဂျာမနီလူမျိုး နာမည်ကြီး နည်းပြကြီး ကလော့ပ်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကတည်းက ဒေါ့မွန်ကနေ လီဗာပူးလ်အသင်းကို ပြောင်းလဲ ကိုင်တွယ်ခဲ့ပြီးနောက် လီဗာပူးလ်အတွက် ဆုဖလားများစွာ ရယူပေးနိုင်ခဲ့သလို အခု သူရဲ့ နောက်ဆုံးရာသီမှာလည်း ဖလား (၄)လုံးလမ်းကြောင်းမှာပါ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Liverpool Echo

ဒါကြောင့် ကလော့ပ်လို နည်းပြမျိုးကို လက်လွတ်ရတော့မှာက လီဗာပူးလ်အသင်းအတွက် ကြီးကြီးမားမား ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပြီး ကလော့ပ်လို နည်းပြမျိုး အသင်းလက်မဲ့ ဖြစ်သွားချိန်မှာ ဘာစီလိုနာအနေနဲ့ ကလော့ပ်ကို အသင်းနည်းပြသစ် ဖြစ်လာနိုင်အောင် ဆောင်ရွက်သင့်တယ်လို့ အူဘာမီယန်းက တိုက်တွန်းခဲ့ပါတယ်။

ဘာစီလိုနာဟာလည်း အသင်းရဲ့ လက်ရှိနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ကို ရာသီအကုန်မှာ လက်လွတ်ရတော့မှာ ဖြစ်တဲ့အတွက် နည်းပြသစ်တစ်ဦး ခန့်အပ်သွားဖို့ လိုအပ်လာခဲ့ပြီး လက်ရှိမှာတော့ ဇာဗီနေရာအတွက် ဘိုင်ယန် နဲ့ ဂျာမနီ နည်းပြဟောင်း ဖန်ဆီဖလစ်ခ်က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

Photo Credit : Metro

တကယ်တော့ ဘာစီလိုနာ အသင်းဥက္ကဌ လာပေါ်တာကိုယ်တိုင်က ကလော့ပ်ကို အလွန်သဘောကျသူဖြစ်ပြီး နည်းပြသစ်အဖြစ် ခန့်အပ်ဖို့လည်း ဆန္ဒရှိနေပေမယ့် ကလော့ပ်ကတော့ လီဗာပူးလ်ကနေ ထွက်ခွာပြီးရင်တောင် တစ်နှစ်နီးပါးခန့်လောက်အထိ အနားယူဖွယ် ရှိနေတဲ့အတွက် တခြားသော options တွေကို စဉ်းစားလာခဲ့ပါတယ်။

ဒါပေမယ့် ဒေါ့မွန်မှာ (၂)ရာသီလောက် ကလော့ပ်နဲ့ လက်တွဲခဲ့ဖူးတဲ့ မာဆေးလ် တိုက်စစ်မှူးကြီး အူဘာမီယန်းက ကလော့ပ်သာလျှင် ဘာစီလိုနာ နည်းပြရာထူးနဲ့ အသင့်တော်ဆုံးဖြစ်ပြီး ကလော့ပ်ကိုသာ ရလိုက်မယ်ဆိုရင် ဘာစီလိုနာက လုံးဝကို ပြီးပြည့်စုံသွားပြီလို့ သတ်မှတ် ပြောဆိုသွားခဲ့ပါတယ်။