စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်က ယခု နွေဈေးကွက် အတွင်းမှာ စပါးကနေ ထွက်ခွာခွင့် ရထားတဲ့ စပိန်ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် စပိန်လက်ရွေးစင် ဘယ်နောက်ခံလူ ရယ်ဂီလွန်က ရီးရဲလ်မက်ဒရစ်ကနေ စပါးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် အီတလီနည်းပြ ကွန်တီ တယောက် စပါးဆီ ရောက်ရှိလာချိန်မှာတော့ အသင်းရဲ့ အရန် ဘယ်နောက်ခံလူ အဖြစ်ကို ရောက်ရှိသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်နဲ့သာ အံဝင်စွာ ကစားနိုင်လေ့ ရှိတဲ့ ရယ်ဂီလွန်ဟာ ကွန်တီရဲ့ မြန်နှုန်းမြင့် ကစားဟန်မှာ အံဝင်ခွင်ကျ မကစားနိုင်တာကြောင့်ပဲ ကွန်တီက ယခု နွေဈေးကွက် အတွင်းမှာ သူ့ရဲ့ တပည့်ဟောင်း ပါရီဆစ်ကို စပါးဆီ ခေါ်ယူနိုင်ခဲ့ပြီး ရယ်ဂီလွန်ကိုလည်း အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပါတယ်။

တဖက်မှာလည်း အက်သလက်တီကို မက်ဒရစ်က သူတို့အသင်းရဲ့ ဘယ်နောက်ခံနေရာကို အင်အားဖြည့်တင်းဖို့ စီစဉ်ထားပြီး သူတို့အသင်းရဲ့ ဘယ်နောက်ခံလူ လိုဒီကို နော်တင်ဟမ် ဖောရက်စ်ဆီ ပြောင်းရွှေ့ခွင့် ပေးထားတာကြောင့် လိုဒီရဲ့ နေရာအတွက် ရယ်ဂီလွန်ကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အက်သလက်တီကို မက်ဒရစ်က ရယ်ဂီလွန်ကို ခေါ်ယူနိုင်ဖို့ စပါးနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်ဖို့ စီစဉ်ထားပြီး စပါးကလည်း ရယ်ဂီလွန်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားတာကြောင့် အက်သလက်တီကို မက်ဒရစ်ဟာ ရယ်ဂီလွန်ကို ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း သိရပါတယ်။