လာလီဂါ ထိပ်သီးကလပ် အသက်လက်တီကို မက်ဒရစ်အသင်းက နယူးကာဆယ်အသင်းရဲ့ တိုက်စစ်ကစားသမား ကော်လန် ဝီလ်ဆင်ကို အငှားနဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဒီကမ်းလှမ်းချက်ကို နယူးကာဆယ်ဘက်က ပယ်ချခဲ့တယ်လို့ Mail Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်လက်တီကိုက သူတို့အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား အိန်ဂျယ် ကော်ရီယာကို ဆော်ဒီကလပ်အသင်းတွေထံ ရောင်းချသွားရဖို့ ရှိနေတဲ့အတွက် သူ့နေရာမှာ ပြန်လည် အစားထိုးဖို့ နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦးကို ရှာဖွေနေတာပဲ ဖြစ်ပါတယ်။

Photo Credit : Newcastle United FC

အသက်လက်တီကိုအသင်းမှာ မိုရာတာ ဂရီးဇ်မန်း ဒီပိုင်း နဲ့ လီနိုတို့လို တိုက်စစ် ကစားသမားတွေ အမြောက်အများ ရှိနေပေမယ့်လည်း တိုက်စစ်အစုအဖွဲ့ ပိုမို တောင့်တင်းနေစေဖို့အတွက် ကစားသမားသစ်တစ်ဦး ယာယီအနေနဲ့ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အသက်လက်တီကိုက နယူးကာဆယ်ရဲ့ အင်္ဂလန် တိုက်စစ်မှူး ဝီလ်ဆင်ကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အသက် (၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝီလ်ဆင်ကို လွန်ခဲ့တဲ့ ၂၀၂၀ကမှ ဘုန်းမောက်ကနေ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : Youtube

နယူးကာဆယ်အသင်းအတွက် ပွဲပေါင်း (၁၀၂)ပွဲ ကစားထားရင်း (၄၆)ဂိုးအထိ သွင်းယူထားတဲ့ ဝီလ်ဆင်ဟာ ဒီရာသီမှာလည်း အသင်းအတွက် (၈)ဂိုး သွင်းယူထားပေမယ့် လက်ရှိမှာတော့ ဒဏ်ရာ ပြသာနာကြောင့် အနားယူနေရပါတယ်။

ဝီလ်ဆင်က နယူးကာဆယ်အတွက် အားထားရတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်ပေမယ့်လည်း အသင်းက ဘဏ္ဍာရေး အရှုံးပေါ်နေတဲ့ အခြေအနေတွေကြောင့် ကစားသမား ရောင်းထုတ်မှုတွေ မဖြစ်မနေ လုပ်ဆောင်ရဖို့ ရှိတဲ့အတွက် ဝီလ်ဆင်ကို အငှားထက် အပြီးသတ်သာ ရောင်းထုတ်သွားချင်နေပါတယ်။