စပိန်လာလီဂါ ထိပ်သီးကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းဟာ လက်စတာစီးတီးအသင်းရဲ့ တူရကီ ဗဟိုခံစစ်ကစားသမား ချာလာဆိုယွန်ဂျူကို ခေါ်ယူသွားဖို့ အလွန် နီးစပ်လာခဲ့ပြီလို့ ဘောလုံးသမား အပြောင်းအရွှေ့ဆိုင်ရာ အကျော်အမော် ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဟာရီမက်ဂွိုင်းယား မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် မက်ဂွိုင်းယားနေရာ အစားထိုးဖို့အတွက် တူရကီ ခံစစ်မှူး ဆိုယွန်ဂျူကို ဖရိုင်းဘတ်အသင်းကနေ (၅)နှစ်စာချုပ်နဲ့ ခေါ်ယူဖြစ်ခဲ့ရာ လက်စတာမှာ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရတဲ့ ဆိုယွန်ဂျူဟာ လာမယ့်နှစ်နွေမှာပဲ လက်စတာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။ လက်စတာကနေ free transfer နဲ့ ထွက်ခွာရတော့မယ့် ဆိုယွန်ဂျူကို အသက်လက်တီကို ရိုးမားနဲ့ အက်စတွန်ဗီလာအသင်းတို့က ခေါ်ယူချင်နေကြပေမယ့် လက်ရှိမှာတော့ အသက်လက်တီကိုကသာ ဆိုယွန်ဂျူကို ရရှိဖို့ အခြေအနေ အကောင်းဆုံး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Sputnik

ဖာဘရီဇီယိုရဲ့ သတင်းဖော်ပြချက်မှာတော့ အသက်လက်တီကိုဟာ ဆိုယွန်ဂျူကို ခေါ်ယူသွားဖို့အတွက် အပြောင်းအရွှေ့ အထမြောက်တဲ့အထိ လုပ်ဆောင်နိုင်သေးခြင်း မရှိပေမယ့်လည်း ဆွေးနွေးမှုတွေက တိုးတတ် ကောင်းမွန်နေပြီး မကြာခင်မှာပဲ ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာတော့မယ်လို့ ဖော်ပြထားပါတယ်။ အရပ်အမောင်းကောင်းပြီး အမြင့်ဘောတွေကောင်းလှတဲ့ ဆိုယွန်ဂျူဟာ ဂျာမန်ဘွန်ဒစ်လီဂါမှာ ပွဲပေါင်း(၅၀) ပရီးမီးယားလိဂ်မှာ ပွဲပေါင်း(၉၂)ပွဲအထိ ကစားထားနိုင်ခဲ့သလို တူရကီလက်ရွေးစင်အသင်းအတွက်လည်း ၂၀၁၆ခုနှစ်ကနေ စတင်ပြီး ပွဲပေါင်း (၅၁)ပွဲအထိ ကစားပေးထားနိုင်ခဲ့ကာ အတွေ့အကြုံကောင်းတွေလည်း ကြွယ်ဝနေသူ ဖြစ်ပါတယ်။ လက်ရှိမှာ အသက်(၂၆)နှစ်အရွယ်သာ ရှိနေသေးတဲ့ အရည်အသွေးမြင့် ခံစစ်မှူး ဆိုယွန်ဂျူကို ပြောင်းရွှေ့ကြေး မပါဝင်ပဲ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ကလပ်အသင်းတိုင်းက အလိုရှိနေကြပြီး အခုလည်း အသက်လက်တီကိုအနေနဲ့ ဆိုယွန်ဂျူကို လာမယ့်နွေမှာပဲ free transfer နဲ့ ခေါ်ယူသွားမလား ဒါမှမဟုတ် ဆောင်းဈေးကွက်မှာပဲ cut-price နဲ့ ကမ်းလှမ်းသွားမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ လက်ရှိ အသက်လက်တီကိုရဲ့ ဗဟိုခံစစ်နေရာမှာ ဟီမီနက်ဇ် ဟာမိုဆို ဆာဗစ် ဖီလစ်ပီတို့ ရှိနေပေမယ့် ဖီလစ်ပီက လာမယ့်နှစ်နွေမှာ အသက်လက်တီကိုနဲ့ လမ်းခွဲရတော့မှာဖြစ်လို့ ဆိုယွန်ဂျူကို ပြန်လည် ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။