ဒဏ်ရာပြသာနာဆိုးကနေ ပြန်လည် သက်သာလာခဲ့ပြီဖြစ်တဲ့ အာဆင်နယ် နောက်ခံကစားသမား တင်းဘားကို အသင်းရဲ့ခံစစ်ပိုင်းမှာ နည်းအမျိုးမျိုးနဲ့ အသုံးပြုသွားမယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် နယ်သာလန်လက်ရွေးစင် ဗဟိုခံစစ်ကစားသမား တင်းဘားဟာ ဒီရာသီမှာပဲ အေဂျက်စ်ကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့ပေမယ့် အသင်းအတွက် ကွန်မြူနတီဒိုင်းပွဲ ပရီးမီးယားလိဂ်အဖွင့်ပွဲတို့ကိုသာ ကစားရသေးချိန်မှာပဲ ACL Injury ဒဏ်ရာဆိုးကြီး ရရှိသွားခဲ့ရပါတယ်။

Photo Credit : Football365

ACL Injury ဆိုတဲ့ ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာပြသာနာဟာ ဘောလုံးသမားတိုင်းအတွက်တော့ တကယ့်ကို အိမ်မက်မက်ဆိုးကြီးဖြစ်ပြီး တင်းဘားလည်း ဒီဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ သြဂုတ်ကနေ အခု ၂၀၂၄ ဧပြီလအထိ ရက်ပေါင်း (၂၅၀)ကျော် ပွဲပေါင်း (၄၅)ပွဲအထိ လွဲချော်ထားခဲ့ရပါတယ်။

အခုတော့ တင်းဘားဟာ ဒဏ်ရာကနေ သက်သာလာပြီ ဖြစ်တာကြောင့် မကြာခင်မှာပဲ အာဆင်နယ်အသင်းအတွက် ပြန်လည် ကစားပေးနိုင်တော့မှာဖြစ်ပြီး နည်းပြအာတီတာကလည်း တင်းဘားကို အသင်းခံစစ်မှာ နည်းအမျိုးမျိုးနဲ့ အသုံးပြုသွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Fabrizio Romano

“တင်းဘားဟာ အသင်းလေ့ကျင့်ရေးမှာ တကယ့်ကို ကောင်းမွန်ပါတယ်။ သူ ပြန်ကစားဖို့က စောသေးပေမယ့် ယူ-၂၃အသင်းမှာ ထပ်မံ စမ်းသပ်ခံရပြီးရင်တော့ သူ့အခြေအနေကို ပိုမြင်တွေ့ရမှာပါ။ ကျွန်တော်ကတော့ သူ့ကို ဘယ်ညာ full-back ကစားသမားအဖြစ် မြင်တွေ့ထားပါတယ်။ ကျွန်တော် သူ့ကို နည်းအမျိုးမျိုးနဲ့ သုံးသွားပါမယ်။” လို့ အာတီတာက ပြောဆိုသွားခဲ့ပါတယ်။

တင်းဘားဟာ အာဆင်နယ်အတွက် ကစားထားရတဲ့ ပွဲစဉ် (၂)ပွဲမှာ ဘယ်နောက်ခံနေရာနဲ့ ကစားထားခဲ့ရပေမယ့်လည်း အေဂျက်စ်မှာ ကစားခဲ့တုန်းက ဗဟိုခံစစ်နေရာကို အဓိကထား ကစားခဲ့သလို ညာခြမ်းခံစစ်မှာလည်း ပါဝင်ဖြစ်ခဲ့ပါသေးတယ်။