ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ အာတီတာကတော့ သူတို့အသင်းဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အစဉ်အလာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ရပေမယ့် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ချန်ပီယံဆု အတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က မန်ချက်စတာ ယူနိုက်တက်နဲ့ မကစားခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၅ပွဲဆက် နိုင်ပွဲရခဲ့ပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် အိုးထရက်ဖို့ဒ်ကွင်းဆီ သွားရောက် ရင်ဆိုင် ကစားခဲ့ရာမှာတော့ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ရာသီသစ်ရဲ့ ပထမဦးဆုံး အရှုံးအရသာကို မြည်းစမ်းခဲ့ရပါတယ်။

Photo Credit: Mirror

အာဆင်နယ်က အဝေးကွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို ဂိုးပြတ်ရှုံးခဲ့ပေမယ့် အဆိုပါပွဲစဉ်မှာ အာဆင်နယ်ရဲ့ ကစားပုံဟာ အတော်လေးကို ကောင်းမွန်ခဲ့သလို ဂိုးသွင်းခွင့်တွေ အများအပြားလည်း ရခဲ့ပြီး တိုက်စစ်ကစားသမားတွေရဲ့ အဆုံးသတ် ညံ့ဖျင်းမှုတွေကြောင့်သာ လိုအပ်နေတဲ့ သွင်းဂိုးတွေ မရခဲ့တာပါ။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် ၃-၁ အာဆင်နယ် ပွဲစဉ်အပြီးမှာတော့ အာတီတာက လက်ရှိမှာ သူတို့အသင်းရဲ့ ကစားပုံမျိုးနဲ့ ကစားနိုင်စွမ်း ရှိတဲ့ ပရီးမီးယားလိဂ်အသင်းတွေ များများစားစား မရှိခဲ့သလို မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲမှာလည်း သူတို့ကသာ အနိုင်ရခဲ့သင့်ကြောင်းနဲ့ ရှုံးပွဲ စကြုံခဲ့ရပေမယ့် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Mirror

အာတီတာက – “ကျွန်တော်တို့က အရမ်းကောင်းတဲ့ ကစားပုံမျိုးနဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေ အပြည့် ပါတဲ့ အသင်းကို ယှဉ်ကစားနိုင်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့က ကိုယ်နဲ့ ထိုက်တန်တဲ့ ရလဒ်မျိုးကို မရခဲ့ပါဘူး။ ကျွန်တော်ကတော့ အသင်းရဲ့ ခြေစွမ်းကို အသင်းကြီးတွေနဲ့ ထိပ်တိုက် ရင်ဆိုင်တဲ့ အခါတိုင်းမှာ အခုလိုမျိုး တည်ငြိမ်စေချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က လိဂ်ရဲ့ ထိပ်ဆုံးနေရာ အတွက် တိုက်ပွဲဝင်သွားပါမယ်” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။