ယမန်နေ့ညမှာ ကျင်းပခဲ့တဲ့ Globe Soccer Awardဆုပေးပွဲမှာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူး ရယူနိုင်ခဲ့တဲ့ အာဆင်နယ်နည်းပြချုပ် မီခေး အာတီတာက သူတို့အသင်းဟာ အမြဲတမ်း နိုင်ပွဲတွေကို လိုချင်ပြီး ဆုဖလားတွေ ဆာလောင်နေတဲ့အသင်း ဖြစ်ကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

မီခေး အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ တရာသီလုံး ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသခဲ့သလို နှစ်ပေါင်းများစွာ တောင့်တခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားနဲ့ လက်တကမ်း အလိုကို ရောက်ခဲ့ပေမယ့် ပြီးပြည့်စုံလွန်းနေတဲ့ ပြိုင်ဘက် မန်ချက်စတာ စီးတီးကြောင့် ချန်ပီယံဆုနဲ့ ကပ်လွဲခဲ့ရပါတယ်။

Photo Credit: Sky Sports

အာဆင်နယ်က ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃၈ပွဲ ကစားခဲ့ရာ ၂၈ပွဲနိုင် အထိ အနိုင်ရခဲ့ပြီး ၅ပွဲ သရေကျကာ ၅ပွဲထဲသာ ရှုံးနိမ့်ခဲ့သလို ဂိုးကွာခြားချက် ၆၂ဂိုး အထိ ရခဲ့ပေမယ့် ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ၂၈ပွဲနိုင် ၊ ၇ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း တခုနဲ့ (၄)နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

အာဆင်နယ်က ၂ရာသီဆက်တိုက် ပရီးမီးယားလိဂ်ရဲ့ အဆင့်(၂)နေရာနဲ့သာ ကျေနပ်ခဲ့ရပေမယ့် ဒီရာသီမှာ အာဆင်နယ်ဟာ မန်ချက်စတာ စီးတီးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိကြောင်း သက်သေပြနိုင်ခဲ့တာကြောင့် လာမယ့်နွေမှာသာ အားကိုးရမယ့် ထိပ်တန်း တိုက်စစ်မှူး ၁ဦးနဲ့ အရည်အသွေးမြင့် ကစားသမား တချို့ကို ခေါ်ယူနိုင်မယ် ဆိုရင် ရာသီသစ်မှာ ပရီးမီးယားလိဂ်ဖလားကို အရယူနိုင်ချေ ရှိနေပါတယ်။

Photo Credit: Standard

ဒါကြောင့်လည်း အာဆင်နယ်နည်းပြချုပ် မီခေး အာတီတာက သူတို့အသင်းဟာ ဆုဖလားတွေကို ဆာလောင်နေတဲ့အသင်း ဖြစ်ပြီး လာမယ့်ရာသီသစ်မှာ ဆုဖလားတိုင်းကို သိမ်းပိုက်နိုင်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ Globe Soccer Award ဆုပေးပွဲရဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာပါ။

မီခေး အာတီတာက – “ကျွန်တော်တို့က အနိုင်ရတာကိုပဲ လိုချင်ပါတယ်။ နိုင်မယ်။ နိုင်မယ်။ နိုင်မယ်။ ဒါပဲ။ ကျွန်တော်တို့က အဲ့ဒီလိုပဲ ဖြစ်ချင်ပါတယ်။ ကျွန်တော်တို့မှာ ဆုဖလားတွေကို ရယူဖို့ စိတ်အားထက်သန်သလို ဆုဖလားတွေကိုလည်း ဆာလောင်နေကြတဲ့ ကစားသမားတွေနဲ့ ပြည့်နေတာပါ။ ကျွန်တော်တို့က ဆုဖလားတွေကို ရယူနိုင်မယ်လို့လည်း အပြည့်အဝ ယုံကြည်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လာမယ့်ရာသီမှာ ဆုဖလားတွေကို သိမ်းပိုက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ်” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။