အာဆင်နယ် အသင်းနည်းပြ မီခယ်လ် အာတီတာက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ သူရင်ဆိုင်သွားရမယ့် ဘိုင်ယန်မြူးနစ် နည်းပြ သောမတ် တူဟယ်လ်ဟာ သူ လေးစားရတဲ့ နည်းပြကောင်းတစ်ဦး ဖြစ်တယ်လို့ အမွှမ်းတင် ပြောကြားလိုက်ပါတယ်။

အာတီတာရဲ့ အာဆင်နယ်နဲ့ တူဟယ်လ်နဲ့ ဘိုင်ယန်တို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံနေပြီး ဒီပွဲက ဘိုင်ယန်နည်းပြ တူဟယ်လ်အတွက်တော့ ပိုမို အရေးပါလို့နေပြီး ဒီပွဲမှသာ ရလဒ်ဆိုးခဲ့မယ်ဆိုရင်တော့ နည်းပြရာထူးကနေပါ ချက်ချင်း ထုတ်ပယ်ခံရနိုင်ပါတယ်။

Photo Credit : Metro

အာတီတာနဲ့ တူဟယ်လ်တို့ဟာ ပရီးမီးယားလိဂ်မှာတော့ (၃)ကြိမ်အထိ တွေ့ဆုံထားခဲ့ဖူးပြီး အာတီတာက (၂)ကြိမ်နိုင် တူဟယ်လ်က (၁)ကြိမ်သာ အနိုင်ရခဲ့ပါတယ်။ လက်ရှိ အာတီတာရဲ့ အာဆင်နယ်နဲ့ တူဟယ်လ်ရဲ့ ဘိုင်ယန်တို့က form အရရော results တွေအရပါ အာဆင်နယ်က သာလွန်နေပြီး နောက်တစ်ဆင့် တက်သွားဖို့လည်း အခြေအနေပိုကောင်းနေပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာက “ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးဖြစ်တဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်သွားဖို့အတွက် ကျွန်တော်တို့မှာ ကြီးမားတဲ့ စမ်းသပ်မှု ရှိနေပါတယ်။ အကောင်းဆုံး လုပ်ဆောင်သွားဖို့ကိုလည်း မျှော်လင့်ထားပါတယ်။”

Photo Credit : TEAMtalk

“ဘိုင်ယန်မြူးနစ်က ထိပ်တန်း အသင်းကောင်းတစ်သင်းပါ။ နောက်ပြီး ကျွန်တော်က သောမတ်စ် တူဟယ်လ်ကို အလွန်လေးစားသူဖြစ်ပြီးတော့ ကျွန်တော် သူ့အကြောင်းကိုလည်း အများကြီး လေ့လာခဲ့သလို သူရဲ့ အသင်းကို ထူထောင်ပုံတွေကိုလည်း တကယ် သဘောကျမိပါတယ်။”

“ဘိုင်ယန်မြူးနစ်အသင်းက သေသေချာချာ လေးလေးနက်နက် ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင်တော့ သူတို့ဟာ ထိပ်တန်း အသင်းကောင်းတစ်သင်း ဖြစ်နေတယ်ဆိုတာကို သိနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ကလည်း ဒီပွဲအတွက် ကောင်းကောင်း ပြင်ဆင်မှာဖြစ်ပြီးတော့ ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံအတိုင်း ရအောင် ကစားသွားမှာပါ။ အဲ့လို ကစားနိုင်မယ်ဆိုရင် အနိုင်ရဖို့ အခွင့်အရေး ရှိပါမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။