ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ် ၁-၀ အာဆင်နယ် ပွဲအပြီးမှာတော့ ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးက ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ် ဘောလုံးရာသီရဲ့ ချန်ပီယံ ဖြစ်လာခဲ့ပြီး သူတို့အသင်းရဲ့ ချန်ပီယံဘွဲ့ကို ဆက်လက် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

လန်ဒန်မြို့ အခြေစိုက်ကလပ် ဖြစ်တဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ပြိုင်ဆိုင်နေတဲ့ အသင်း ဖြစ်ပြီး ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇)မှာ အာဆင်နယ်က အဝေးကွင်းမှာ နော်တင်ဟမ် ဖောရက်စ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဇယားထိပ်မှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၄မှတ် အထိ ပြတ်တောက်သွားခဲ့ပါတယ်။

Photo Credit: Football 365

အာဆင်နယ်က ၁ပွဲထဲသာ ကစားဖို့ ကျန်တော့ချိန်မှာ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၄မှတ် ကွာဟသွားတာကြောင့် မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ သေချာသွားခဲ့တာ ဖြစ်ပြီး နော်တင်ဟမ် ဖောရက်စ် ၁-၀ အာဆင်နယ် ပွဲစဉ်မှာ နော်တင်ဟမ် ဖောရက်စ် အတွက် တလုံးထဲသော အဖိုးတန် အနိုင်ဂိုးကို အဓိက တိုက်စစ်မှူး အဝိုနီရီက သွင်းယူပေးခဲ့တာပါ။

နော်တင်ဟမ် ဖောရက်စ် ၁-၀ အာဆင်နယ် ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက သူတို့အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ အချိန်ကြာမြင့်စွာ ရပ်တည်နိုင်ခဲ့ပြီးမှ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတဲ့ အတွက် အတော်လေး ဝမ်းနည်းမိကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

Photo Credit: BBC

အာတီတာက – “ကျွန်တော့်အတွက် အတော်လေး ဝမ်းနည်းရတဲ့ နေ့ရက်ပါပဲ။ အခုဆိုရင် ကျွန်တော်က ထိန်းချုပ်ဖို့ ခက်ခဲတဲ့ ခံစားချက် တချို့ကို ခံစားနေရပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ ရှုံးခဲ့တဲ့ အတွက် အမှတ်ပေးချန်ပီယံဆုကိုလည်း လက်လွှတ်ခဲ့ရပါပြီ။ ကျွန်တော်တို့က အမှတ်ပေးချန်ပီယံဆု အတွက် ၁၀လခွဲလောက် တိုက်ပွဲဝင်ခဲ့သလို ၉လခွဲလောက် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။ ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မယ် ဆိုတဲ့ ယုံကြည်မှုနဲ့ တိုက်ပွဲဝင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့တွေက ဒူးထောက် အရှုံးပေးခဲ့ရပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။