ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ် ၂-၀ လူတန်တောင်း ပွဲစဉ်မှာ အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ အတွဲညီညီ ကစားပြရင်း ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ သိမ်းပိုက် ရယူနိုင်ခဲ့တဲ့ စမစ်ရိုဝီရဲ့ ခြေစွမ်းကို အတော်လေး သဘောကျကြောင်း ပွဲပြီးအင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေရတဲ့ အာဆင်နယ်က ယနေ့မနက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၁) အဖြစ် တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ လူတန်တောင်းကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ အာတီတာက ပွဲထွက်ခွင့် မရတာ ကြာနေပြီ ဖြစ်တဲ့ စမစ်ရိုဝီ ၊ နယ်လ်ဆန် စတဲ့ ကစားသမားတွေကို ပွဲထွက်ခွင့် ပေးခဲ့ပါတယ်။

Photo Credit: The Athletic

စမစ်ရိုဝီနဲ့ နယ်လ်ဆန်တို့က အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဂျော်ဂျင်ဟိုနဲ့ ဆာကာတို့ရဲ့ နေရာကို အစားဝင် ကစားခဲ့ရပေမယ့် သူတို့နှစ်ဦးရဲ့ ကွက်လပ်ကို အကောင်းဆုံး ဖာထေးပေးနိုင်ခဲ့ကြပြီး စမစ်ရိုဝီ ဆိုရင် အိုဒီဂတ်နဲ့ တွဲဖက်ကာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည် ရှာဖွေနိုင်ခဲ့သလို စမစ်ရိုဝီဟာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ် ၂-၀ လူတန်တောင်း ပွဲစဉ်မှာ စမစ်ရိုဝီက သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု မရခဲ့ပေမယ့် ပွဲစဉ်အတွင်းမှာ အောင်မြင်တဲ့ ဘောလုံးပေးပို့မှု ၃၉ကြိမ် အထိ လုပ်နိုင်ခဲ့သလို အခွင့်အရေး ၂ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းချက် ၂ကြိမ် ရရှိကာ လူတန်တောင်းရဲ့ ခံစစ်ကြောင်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။

Photo Credit: Tribuna

ဒါ့အပြင် စမစ်ရိုဝီက ဘောလုံးရှင်းထုတ်မှု ၁ကြိမ် ၊ ဘောလုံးလုယူမှု ၂ကြိမ်နဲ့ ဘောလုံးဆယ်ယူမှု ၁ကြိမ်တို့ကို လုပ်ဆောင်ကာ သူ့ရဲ့ လုပ်အားနှုန်းကို သက်သေပြခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ အာဆင်နယ်နည်းပြချုပ် အာတီတာက ၂လကျော် ပွဲထွက်ခွင့် မရခဲ့ပေမယ့် ကစားခွင့် ရတဲ့ အချိန်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ စမစ်ရိုဝီကို အထူးတလည် ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

အာတီတာက – “ကျွန်တော်က စမစ်ရိုဝီကို အတော်လေး သဘောကျပါတယ်။ သူ ကစားနေတာကို ကြည့်နေရတာက ပျော်ဖို့ ကောင်းပါတယ်။ သူက သူ့ရဲ့ စကေးလ်တွေနဲ့ အသင်းဖော်တွေ အားလုံးကို ကူညီနိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့ ကစားပုံကလည်း ကြည့်လို့ ကောင်းတယ်။ ဒီနေ့ပွဲမှာ သူက ကျွန်တော်တို့တွေ နိုင်ပွဲ ရအောင် အများကြီး ကူညီပေးခဲ့သူပါ” လို့ စမစ်ရိုဝီကို ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။