ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ၃၂သင်းအဆင့်မှာ မန်ချက်စတာ စီးတီးကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အတွက် စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာတီတာရဲ့ အာဆင်နယ်က ဒီရာသီမှာ ပုံစံကောင်း တခု ရနေပြီး အာဆင်နယ်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ပွဲဆက် အရှုံးမရှိခဲ့ပဲ စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကို နှစ်ပွဲဆက် အနိုင်ရထားပေမယ့် မန်ချက်စတာ စီးတီးနဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ အက်ဖ်အေဖလားပွဲမှာတော့ သူတို့ရဲ့ ပုံစံကောင်းကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: 90 Mins

မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့ပြီး မန်ချက်စတာ စီးတီးက ပွဲထွက်လူစာရင်းမှာထဲက လူစုံတက်စုံ အသုံးပြုခဲ့ကာ အာဆင်နယ်ကတော့ ပွဲထွက်လူစာရင်းထဲ ကနေ ရမ်စဒယ် ၊ မာတီနယ်လီ ၊ ဆာလီဘာ ၊ ဇင်ချန်ကိုနဲ့ အိုဒီဂတ်တို့ကို ချန်လှပ်ခဲ့ပေမယ့် မာတီနယ်လီ ၊ ဆာလီဘာ ၊ ဇင်ချန်ကိုနဲ့ အိုဒီဂတ်တို့ကို ဒုတိယပိုင်းမှာ လူစားလဲကာ ထည့်သွင်းခဲ့ပါတယ်။

နှစ်သင်းစလုံးက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်းအကောင်းဆုံး အသင်းတွေ ဖြစ်တာကြောင့် ပွဲက အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး ဂိုးသွင်းခွင့်တွေ များများစားစား မရခဲ့ကြပေမယ့် ဘောလုံးယှဉ်လုမှုတွေ ၊ ကစားကွက်ချင်း အားပြိုင်မှုတွေကြောင့် ပရိသတ်တွေ အတွက် ကြည့်ရကျိုး နပ်စေတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

Photo Credit: 90 Mins

ဒါပေမယ့် အာဆင်နယ်က ဒီပွဲမှာ တိုက်စစ်ပိုင်း အားနည်းချက်တွေ အများအပြား ရှိခဲ့ပြီး အိုဒီဂတ်နဲ့ မာတီနယ်လီတို့ မပါဝင်ချိန်မှာ သူတို့အသင်းရဲ့ အခွင့်အရေး ဖန်တီးနိုင်စွမ်းဟာ အတော်လေး လျော့ကျသွားခဲ့ကာ မန်ချက်စတာ စီးတီး အတွက် အဖိုးတန် အနိုင်ဂိုးကိုတော့ ပွဲချိန် ၆၄မိနစ်မှာ နောက်ခံလူ အကီက သွင်းယူပေးသွားခဲ့တာပါ။

မန်ချက်စတာ စီးတီး ၁-၀ အာဆင်နယ် ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက သူတို့ရဲ့ အအောင်မြင်ဆုံးပြိုင်ပွဲ ဖြစ်တဲ့ အက်ဖ်အေဖလားပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတဲ့ အတွက် စိတ်ပျက်ဝမ်းနည်းမိကြောင်း ပြောကြားသွားပါတယ်။ အာတီတာက – “ကျွန်တော်တို့တွေက (ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အတွက်) စိတ်ပျက်နေကြပါတယ်။ ကျွန်တော်တို့တွေ ဒီပွဲမှာ ပိုကောင်းတဲ့ ခြေစွမ်းမျိုးတွေကို ပြသနိုင်ခဲ့သင့်တယ်လို့ ထင်ပါတယ်။ ဒီပွဲက နှစ်သင်းကြားမှာ ကွာခြားချက် နည်းပါးခဲ့တဲ့ပွဲ ဖြစ်သလို ပြိုင်ဆိုင်မှုလည်း အတော်လေး ပြင်းထန်ခဲ့ပါတယ်။ လုပ်ဆောင်ချက်လေး တခုက ပွဲရဲ့ အဖြေကို ဆုံးဖြတ်ပေးခဲ့တာပါ။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့က ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။