ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေထဲက တပွဲ ဖြစ်တဲ့ လန်းစ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် လန်းစ်က အင်္ဂလန် အင်အားကြီးကလပ် အာဆင်နယ်ကို အံ့အားသင့်ဖွယ် အနိုင် ကစားပြသွားခဲ့ပါတယ်။

လန်းစ်နဲ့ အာဆင်နယ်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြပြီး ဧည့်သည် အာဆင်နယ်က ပွဲချိန် ၁၄မိနစ်မှာပဲ တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူးရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credut: Sky Sports

ဒါပေမယ့် အာဆင်နယ်တို့ရဲ့ အပျော်က ၁၀မိနစ် ဝန်းကျင်သာ ခံခဲ့ပြီး ပွဲချိန် ၂၄မိနစ် ဝန်းကျင်မှာတော့ အာဆင်နယ်ဂိုးသမား ဒေးဗစ် ရာယာ တယောက် ကွင်းလယ်စက်ဝိုင်းနား အထိ တက်ကာ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားဖို့ ကြိုးစားရင်း လူပေးမှားခဲ့ရာကနေ လန်းစ်ရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား သော်မက်စ်ဆန်က လန်းစ်အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

တဖက် တဂိုးစီ သရေရလဒ် ဖြစ်သွားပြီးနောက် နှစ်သင်းစလုံးက အနိုင်ဂိုး ရရှိဖို့ အတွက် အစွမ်းကုန် ကြိုးစား ကစားခဲ့ကြပြီိး ပွဲချိန် ၆၉မိနစ်မှာတော့ လန်းစ်တိုက်စစ်မှူး ဝါဟီက လန်းစ်အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် အိမ်ရှင် လန်းစ်တို့ အနိုင် ၃မှတ်ကို ရယူနိုင်ခဲ့တာပါ။

Photo Credit: The Sun

လန်းစ် ၂-၁ အာဆင်နယ် ပွဲအပြီးမှာတော့ အာဆင်နယ်ရဲ့ ပရိသတ်တွေနဲ့ ဘောလုံးရေးရာ သုံးသပ်သူတွေက ကွင်းလယ်အထိ တက်ကာ ဘောလုံးပေးပို့ဖို့ ကြိုးစားရင်း အမှားလုပ်မိခဲ့တဲ့ ဒေးဗစ် ရာယာကို ပြင်းပြင်းထန်ထန် ဝေဖန်​နေကြပြီး အာဆင်နယ်နည်းပြချုပ် အာတီတာကတော့ အမှားတွေဟာ ဘောလုံးလောကရဲ့ တစိတ်တပိုင်း ဖြစ်ကြောင်း ပြောကြားရင်း ရာယာကို ကာကွယ်သွားခဲ့ပါတယ်။

အာတီတာက – “ဒီလိုမျိုး အမှားတွေက ဖြစ်တတ်ပါတယ်။ အမှားတွေဆိုတာ ဘောလုံးလောကရဲ့ အစိတ်အပိုင်းတွေပါပဲ။ အမှားလုပ်မိတဲ့ ဘောလုံးသမားတွေ ဆိုတာ ဆက်ရှိနေဦးမှာပါ။ ဒီပွဲရဲ့ ရလဒ်ကို အဆုံးအ​ဖြတ် ပေးသွားတာက ၁၈ကိုက်စည်းထဲမှာ အခွင့်အရေးတွေကို အဆုံးသတ်မှုတွေပါပဲ။ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမှာ အပိုင်ဂိုးသွင်းခွင့် ၁၀ကြိမ် ရဖို့ ဆိုတာ မလွယ်ကူပါဘူး။ ဒါ​ကြောင့် အခွင့်အရေး တခု ရလာရင် သေချာ အဆုံးသတ်နိုင်ဖို့ လိုပါတယ်” လို့ ထုတ်ပြောကာ ရာယာကို ကာကွယ်ပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။