ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက သူတို့အသင်းဟာ အဆင့်(၁) ကနေ ဆင်းပေးခဲ့ရပေမယ့် ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်သေးကြောင်း ယနေ့ညမှာ ကစားမယ့် အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာတီတာရဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီးနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေရတာ ဖြစ်ပြီး အာဆင်နယ်က ပြီးခဲ့တဲ့ တပတ်မှာ မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံဆုကို ရရှိဖို့ မလွယ်ကူတော့တဲ့ အနေအထားမျိုးဆီ ရောက်နေခဲ့ပါတယ်။

Photo Credit: 90 Min

အာဆင်နယ်က ဒီရာသီရဲ့ အချိန်အတော်များများမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့မှုကြောင့် မန်ချက်စတာ စီးတီးဆီ အဆင့်(၁)နေရာ လွှဲပေးခဲ့ရပြီး မန်ချက်စတာ စီးတီးက အာဆင်နယ်ထက် ၁ပွဲလျော့နေသလို ရမှတ် ၁မှတ်လည်း အသာစီး ရရှိထားပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးကသာ လက်ကျန် ၁ပွဲမှာ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ရင် အာဆင်နယ်ထက် ရမှတ် ၄မှတ် အသာစီး ရရှိသွားမှာ ဖြစ်ပြီး ရာသီကုန်ဖို့ ၄ပွဲ ၊ ၅ပွဲသာ လိုတော့ချိန်မှာ ရမှတ် ၄မှတ်သာ ပြတ်နေရင် အာဆင်နယ်က မန်ချက်စတာ စီးတီးကို လိုက်မှီဖို့ မလွယ်ကူတော့ပါဘူး။

Photo Credit: Express

ဒါပေမယ့် အာဆင်နယ်နည်းပြ အာတီတာကတော့ ချန်ပီယံဆု အတွက် လက်မလျှော့သေးပဲ သူတို့အသင်းကသာ လက်ကျန်ပွဲတွေမှာ အကောင်းဆုံး ကစားနိုင်ရင် ချန်ပီယံဆုကို ရရှိမယ့် အခွင့်အရေးတွေ ကျန်နေသေးကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အာတီတာက – “ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီကုန်ဖို့ ၅ပွဲတောင် လိုနေသေးသလို ဘာမဆို ဖြစ်သွားနိုင်တာကြောင့်ပါပဲ။ ကျွန်တော်က အမှတ်ပေးဇယားကို ကြည့်ပြီးသွားပါပြီ။ ချန်ပီယံလုပွဲက မပြီးသေးပါဘူး။ ဒါပေမယ့် ချန်ပီယံဖြစ်ခွင့်က ကျွန်တော်တို့ရဲ့ လက်ထဲမှာ မရှိတာတော့ သေချာပါတယ်။ ကျွန်တော်တို့ အခု လုပ်ရမှာက လက်ကျန်ပွဲတွေ အကုန်လုံးကို အနိုင် ကစားဖို့ပါပဲ။ ကျန်တာကတော့ မန်ချက်စတာ စီးတီးရဲ့ အခြေအနေကိုပဲ စောင့်ကြည့်ရမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။