အာဆင်နယ်အသင်းဟာ လာမယ့်နွေဈေးကွက်မှာ အသင်းကနေ ထွက်ခွာသွားဖို့ ရှိနေတဲ့ ကွင်းလယ်ကစားသမား သောမတ်စ် ပါတေးနေရာအတွက် အဲဗာတန်အသင်းရဲ့ ကွင်းလယ်လူ အမာဒူ အိုနာနာကို ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဂါနာ လက်ရွေးစင် ကွင်းလယ်လူ ပါတေးဟာ ဒီနွေမှာ အာဆင်နယ်အသင်းကနေ သေချာပေါက် ထွက်ခွာသွားရတော့မယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက်ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အတည်ပြု ဖော်ပြထားတာကြောင့် အာဆင်နယ်အနေနဲ့ ပါတေးနေရာအတွက် ကွင်းလယ်လူတစ်ဦး ထပ်မံ ရှာဖွေသွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : The Independent

အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ ပါတေးဟာ ၂၀၂၀ကတည်းက အသက်လက်တီကိုကနေ အာဆင်နယ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကနေ ဒီရာသီအထိ အာဆင်နယ်အတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေပေမယ့် ဒဏ်ရာပြသာနာတွေ မကြာခဏ ရတက်လွန်းတာကြောင့် အသင်းကနေ ရောင်းထုတ်သွားချင်လာတာ ဖြစ်ပါတယ်။

ပါတေးကိုလည်း ဆော်ဒီကလပ်တွေ တူရကီကလပ်တွေနဲ့ ဥရောပက ကလပ်အသင်းတွေက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပြီး အာဆင်နယ်ကလည်း ပါတေးကိုသာ လက်လွတ်လိုက်ရမယ်ဆိုရင် သူ့နေရာအတွက် ကွင်းလယ်လူတစ်ဦးကို မဖြစ်မနေ ပြန်လည် ဖြည့်တင်းသွားရမှာပဲ ဖြစ်ပါတယ်။

Photo Credit : Football FanCast

လက်ရှိမှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲပေါင်း (၆၀)ကျော် ပါဝင်ထားခဲ့ရတဲ့ အဲဗာတန်ရဲ့ ကွင်းလယ်လူ အိုနာနာကို မျက်စိကျလာခဲ့ပါတယ်။ ၂၀၂၂ခုနှစ်ကမှ လိုင်လီကနေ အဲဗာတန်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ခံစစ်ကစားသမား အိုနာနာဟာ အဲဗာတန်မှာ သူရဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်လို့ သူ့ကို ကလပ်အသင်းများစွာက စိတ်ဝင်စားလာကြပါတယ်။

အိုနာနာကို ဘာစီလိုနာ အပါအဝင် ယူနိုက်တက် ချယ်လ်ဆီး လီဗာပူးလ်တို့အပြင် အာဆင်နယ်ကပါ စိတ်ဝင်စားလာခဲ့ပြီး အဲဗာတန်ကလည်း အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် အသင်းက ထိပ်တန်း စားသမားတချို့ကို ရောင်းထုတ်ပြီး ဘဏ္ဍာရေး အခြေအနေ ဖြေရှင်းရဖို့ ရှိနေတဲ့အတွက် ဒါကို အာဆင်နယ်ဘက်က အသုံးချသွားဖို့ ရှိနေပါတယ်။ အာဆင်နယ်က ကွင်းလယ်ပိုင်းအတွက် အိုနာနာကို ခေါ်ယူပြီးရင် ဒက်ကလန်ရိုက်စ်ကို တိုက်စစ်နဲ့ ပိုပြီး အနီးကပ် အသုံးပြုဖွယ်လည်း ရှိလာနိုင်ပါတယ်။