ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ အတွက် လာမယ့် သီတင်းပတ်ထဲမှာပဲ ဝက်စ်ဟမ်းနဲ့ တရားဝင် ဆွေးနွေးမှုတွေကို စတင် ပြုလုပ်တော့မယ်လို့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူနိုင်ခဲ့ပေမယ့် သူတို့အသင်းရဲ့ ကစားသမားအင်အားက အတော်လေးကို နည်းပါးနေပြီး အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းမှာ အိုဒီဂတ် ၊ ပါတေး ၊ ချာကာ ၊ ဂျော်ဂျင်ဟို ၊ အယ်နီနီ ၊ ဗီအဲရာ ၊ စမစ်ရိုဝီ စတဲ့ ကစားသမားတွေကိုသာ ပိုင်ဆိုင်ထားကာ ချာကာကလည်း ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကို စွန့်ခွာတော့မှာ ဖြစ်ပါတယ်။

Photo Credit: Goal

ဒါကြောင့် အာဆင်နယ်က လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကွင်းလယ်လူ ၂ဦးကို အသင်းဆီ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး အာဆင်နယ်ရဲ့ ပစ်မှတ် ကစားသမား စာရင်းထဲမှာ ဝက်စ်ဟမ်းနဲ့ အင်္ဂလန်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က နံပါတ်တစ် နေရာမှာ ရှိနေပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား ၃ဦး စာရင်းထဲ ဝင်ရောက်ထားနိုင်သူ ဖြစ်ပြီး သူဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ ဝက်စ်ဟမ်း ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေသူပါ။

Photo Credit: Goal

လက်ရှိမှာတော့ ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီး ၊ အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး စတဲ့ အသင်းတွေ အားလုံးက ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အဆိုပါအသင်းတွေ အနက် အာဆင်နယ်က ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ အတွက် စိတ်အဝင်စားဆုံး ဖြစ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ အာဆင်နယ်က လာမယ့် သီတင်းပတ်ထဲမှာပဲ ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဒီကလန်ရိုက်စ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး ဒီကလန်ရိုက်စ်ကလည်း အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။