ချန်ပီယံလိဂ် ညချမ်းတွေ ပြီးသွားတဲ့အခါမှာ ပရိသတ်တွေကို စောင့်မျှော်နေတာကတော့ ယူရိုပါလိဂ် ညချမ်းတွေပဲ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဂျူဗင်တပ် ၊ အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ ရိုးမား စတဲ့ နာမည်ကြီးအသင်းတွေ ရှိနေသေးတာကြောင့် စိတ်ဝင်စားစရာ ပွဲကောင်းတွေ အများကြီး ကျန်နေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ MYSPORT Teamက ပရိသတ်တွေ အတွက် ယူရိုပါလိဂ် ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးသွားချင်ပါတယ်။ စလိုက်ရအောင်ဗျာ…။

Photo Credit: The Analyst

ဘက်တစ်နဲ့ မန်ယူ (သောကြာနေ့ မနက် ၁၂နာရီ ၁၅မိနစ်)

ဒီပွဲရဲ့ ပထမအကျော့မှာ မန်ချက်စတာ ယူနိုက်တက်က ဘက်တစ်ကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရထားတာကြောင့် နောက်တဆင့်ဆီ ဘယ်အသင်း တက်မလဲ ဆိုတာ အဖြေပေါ်နှင့်ပြီးသား ပွဲတပွဲလို့ ပြောရင် မမှားပါဘူး။ ဘက်တစ်က နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၆ပွဲမှာ ၁ပွဲထဲသာ အနိုင်ရခဲ့သလို အသင်းကြီးတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကို အနိုင် မကစားထားနိုင်တာကြောင့် ဒီပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက်ကို အနိုင် ကစားဖို့ မဖြစ်နိုင်လောက်ပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့ပွဲမှာ ဆောက်သမ်တန်ကို သရေကျခဲ့တာကြောင့် ပြန်ရုန်းလာမယ့် မန်ချက်စတာ ယူနိုက်တက်ကပဲ အဝေးကွင်းမှာ အနိုင်ယူသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ဘက်တစ် ၁-၃ မန်ယူ

Photo Credit: The Analyst

အာဆင်နယ်နဲ့ စပို့တင်း လစ္စဘွန်း (သောကြာနေ့ မနက် ၂နာရီခွဲ)

အာဆင်နယ်နဲ့ စပို့တင်းတို့ရဲ့ ပထမအကျော့ ပွဲစဉ်မှာ တဖက် ၂ဂိုးစီ သရေကျထားတာကြောင့် ဒီပွဲမှာ အနိုင်ရတဲ့ အသင်းဟာ နောက်တဆင့်ဆီ တက်လှမ်းနိုင်မှာ ဖြစ်လို့ ဒီပွဲက ယူရိုပါလိဂ်ပွဲတွေထဲမှာ အကောင်းဆုံးပွဲလို့ ပြောရင်တောင် မှားမယ် မထင်ပါဘူး။ ပထမအကျော့မှာ စပို့တင်းက အာဆင်နယ်ကို ယှဉ်ကစားနိုင်ခဲ့ပေမယ့် အမ်းမရိတ်မှာတော့ စပို့တင်းက အာဆင်နယ်ကို ယှဉ်ကစားဖို့ မလွယ်ပါဘူး။ အာဆင်နယ်က နောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေမှာ အနိုင်ရလဒ် လိုချင်ရင် ရအောင် ညှစ်ကစားနိုင်စွမ်း ရှိသလို စိတ်ဓာတ်ရော ၊ ခြေစွမ်းရော အကောင်းဆုံး  အနေအထား တရပ်ကို ရောက်နေပါတယ်။ ဒါကြောင့် ဒီပွဲမှာ လူစုံ ထည့်ကစားလာနိုင်တဲ့ အာဆင်နယ်ကပဲ နိုင်ပွဲကို ရကာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ခန့်မှန်းရလဒ် – အာဆင်နယ် ၂-၀ စပို့တင်း လစ္စဘွန်း

Photo Credit: Bundesliga

အခြားပွဲများ အတွက် ခန့်မှန်းရလဒ်များ

ဖီနာဘာချီ ၁-၂ ဆီဗီးလား

ဖီယင်နု ၂-၁ ရှက်တာဒိုးနက်

ဖရိုင်းဘက် ၁-၂ ဂျူဗင်တပ်

ဖီယန်စီဗာရို့စ် ၁-၂ လေဗာကူဆင်

ဆိုစီဒက် ၁-၂ ရိုးမား

ယူနီယံ ၁-၂ ဘာလင်