အာဆင်နယ် ချယ်လ်ဆီးအသင်းတို့ရဲ့ ပစ်မှတ် ကစားသမားဖြစ်တဲ့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ ဆောက်သမ်တန် ယူ-၂၃အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ တံခါးပိတ် ခြေစမ်းပွဲမှာပဲ အသင်းအတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး တိုနေးဟာ ဘရန့်ဖို့ဒ်အသင်းရဲ့ အားအထားရဆုံး ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း လောင်းကစား လုပ်ဆောင်မှုတွေကြောင့် ဘောလုံးကစားကနေ (၈)လအထိ ပွဲပယ်ပြစ်ဒဏ် ကျခံနေရပါတယ်။

Photo Credit : Euro Foot

ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂၀၂၃ခုနှစ် မေလကနေ စတင်ပြီး ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရတဲ့ တိုနေးဟာ အခုလို ပွဲပယ်မခံရခင်က အဲ့ဒီဘောလုံးရာသီထဲ ဘရန့်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ် ဂိုး (၂၀)အထိတောင် သွင်းယူနိုင်ခဲ့တာမို့ တိုနေးရဲ့ ပွဲပယ်ဟာ ဘရန့်ဖို့ဒ်အတွက်လည်း နစ်နာစေခဲ့ရပါတယ်။

ဒီပွဲပယ်ပြစ်ဒဏ်ဟာ ဒီလ (၁၇)ရက်နေ့မှာပြီး ပြည့်မြောက်သွားတော့မှာဖြစ်ပြီး မနေ့ကတော့ ဘရန့်ဖို့ဒ် အရန်အသင်းနဲ့ ဆောက်သမ်တန် လူငယ်အသင်းတို့ရဲ့ တံခါးပိတ် ခြေစမ်းပွဲစဉ်မှာ ပါဝင်လာခဲ့ပြီး ခြေစွမ်းပြကာ ဟက်ထရစ်တောင် သွင်းယူသွားနိုင်ခဲ့ပါတယ်။

Photo Credit : Euro Foot

တိုနေးအနေနဲ့ သူရဲ့ ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ (၁၀)ရက်ခန့်သာ လိုတော့တဲ့အချိန်မှာ အသင်းအတွက် အခုလို ဟက်ထရစ်ထိ သွင်းယူနိုင်ခဲ့တာက အမ်မူဘို နဲ့ ဝစ်ဆာတို့ကို အသုံးပြုလို့ မရသေးတဲ့ ဘရန့်ဖို့ဒ်အတွက်ပါ သတင်းကောင်း ဖြစ်စေခဲ့ရပါတယ်။

ဒီလို ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူး တိုနေးကို လက်ရှိမှာ အာဆင်နယ်အသင်းက စိတ်ဝင်အစားဆုံး ဖြစ်လို့နေပေမယ့်လည်း ဘရန့်ဖို့ဒ်ဘက်ကတော့ အခု ဈေးကွက်အတွင်းမှာ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားချင်နေပါတယ်။