ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် မြို့ခံပြိုင်ဘက် ချယ်လ်ဆီးရဲ့ အဓိက တိုက်စစ်မှူး ကိုင် ဟားဗက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကိုင် ဟားဗက်ဇ်ကို ခေါ်ယူနိုင်ဖို့ အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေပါ ပြုလုပ်နေကြောင်း သိရပါတယ်။

အာဆင်နယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ လက်တကမ်း အလို အထိ ရောက်ရှိခဲ့ပေမယ့် လူအင်အား မလုံလောက်မှုကြောင့် ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီး အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက အရှိန်ကောင်းကောင်း ရနေတဲ့ အသင်းကို ဆက်လက် အင်အား ဖြည့်တင်းကာ ဆုဖလားတွေ အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ အာဆင်နယ်က ယခု နွေဈေးကွက် အတွင်းမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ခပ်သွက်သွက် လှုပ်ရှားနေပြီး အာဆင်နယ်က ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေသလို တဖက်မှာလည်း တိုက်စစ်ပိုင်း အတွက် ကိုင် ဟားဗက်ဇ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ကိုင် ဟားဗက်ဇ်ကို ခေါ်ယူနိုင်ဖို့ ကစားသမားနဲ့ရော ၊ ချယ်လ်ဆီးနဲ့ပါ တပြိုင်နက်ထဲ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ချယ်လ်ဆီးက ဟားဗက်ဇ် အတွက် ပေါင် ၇၅သန်း အထိ လိုချင်နေပေမယ့် အာဆင်နယ်ကသာ ဟားဗက်ဇ်ကို အမှန်တကယ် ခေါ်ယူချင်ရင် ဈေးလျှော့ပေးဖို့ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။

 

Photo Credit: The Sun

အင်္ဂလန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailကလည်း အာဆင်နယ်ဟာ ကိုင် ဟားဗက်ဇ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး အာဆင်နယ်က ဟားဗက်ဇ်အတွက် စုစုပေါင်း ပေါင် ၆၀သန်း တန်တဲ့ ကမ်းလှမ်းမှု တရပ် ပေးပို့ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တိုက်စစ်မှူး ကိုင် ဟားဗက်ဇ်က အထောင်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ချယ်လ်ဆီးအတွက် ၃ရာသီ အတွင်းမှာ ပြိုင်ပွဲစုံ ၁၃၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၂ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။