ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက တပွဲ ဖြစ်တဲ့ အာဆင်နယ်နဲ့ ဘုန်းမောက်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် အာဆင်နယ်က ၂ဂိုးပြတ်နဲ့ ရှုံးနိမ့်နေရာ ကနေ နောက်ကျ ချေပဂိုးတွေနဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အာဆင်နယ် ၃-၂ ဘုန်းမောက် ပွဲစဉ်မှာ ဧည့်သည် ဘုန်းမောက်က ပွဲအစ ၁မိနစ် မပြည့်ခင်မှာတင် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘုန်းမောက်အတွက် ဦးဆောင်ဂိုးကို ကွင်းလယ်လူ ဘိုင်လင်းက သွင်းယူပေးခဲ့တာပါ။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် အာဆင်နယ်က တရစပ် တိုက်စစ်ဆင်ကာ ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ပထမပိုင်းမှာတော့ ချေပဂိုး သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။

Photo Credit: Euro Sports

အဲ့ဒီနောက် အာဆင်နယ်က ဒုတိယပိုင်းမှာ ချေပဂိုး ရရှိဖို့ ဆက်လက် ကြိုးပမ်းခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားတာက ဘုန်းမောက်သာ ဖြစ်ပြီး ပွဲချိန် ၅၇မိနစ်မှာ နောက်ခံလူ ဆာနီစီက ဘုန်းမောက်အတွက် ဒုတိယ ဦးဆောင်ဂိုးကို ထောင့်ကန်ဘော ကနေ တဆင့် ခေါင်းတိုက်ကာ သွင်းယူပေးသွားခဲ့ပါတယ်။

၂ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အိမ်ရှင် အာဆင်နယ်တို့ ပြန်မလာနိုင်တော့ဘူးလို့ တွေးခဲ့ကြပေမယ့် အာဆင်နယ် တသင်းလုံးက အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နဲ့ ကစားသွားခဲ့ကြပြီး ရေဘဝဲကြီး သောမတ်စ် ပါတေးရဲ့ တကိုယ်တော် ခြေစွမ်းတွေ ကနေ တဆင့် အာဆင်နယ်က ပွဲချိန် ၆၂မိနစ်နဲ့ ၇၀မိနစ်တို့မှာ ချေပဂိုးတွေ ပြန်ရခဲ့ကာ အာဆင်နယ် အတွက် ချေပဂိုးတွေကို ပါတေးနဲ့ ဘန်ဝှိုက်တို့က သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Euro Sports

တဖက် ၂ဂိုးစီ သရေကျခဲ့ပြီးနောက် အာဆင်နယ်က အနိုင်ဂိုး ရဖို့ အတွက် တသင်းလုံးနီးပါး ရှေ့တက်ကာ တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ဘုန်းမောက်ရဲ့ ကစားသမားတွေကလည်း ၁၁ယောက်လုံး ဂိုးပေါက်ရှေ့မှာ ပိတ်ဆို့ကာ သရေတမှတ် ရအောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အချိန်ပို နောက်ဆုံးမိနစ်မှာ ပေးခဲ့ရတဲ့ ထောင့်ကန်ဘောက ဘုန်းမောက်ရဲ့ သရေတမှတ် မျှော်လင့်ချက်ကို ရိုက်ချိုးသွားခဲ့ပြီး အဆိုပါ ထောင့်ကန်ဘော ကနေ ပြန်ကျလာတဲ့ ဘောလုံးကို အာဆင်နယ်ရဲ့ လူစားဝင် တောင်ပံတိုက်စစ် ကစားသမား နယ်ဆန်က မြေမကျကန်ချက်နဲ့အတူ လှလှပပ ဂိုးသွင်းယူကာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အာဆင်နယ် ၃-၂ ဘုန်းမောက် ပွဲစဉ်မှာ အာဆင်နယ် ကစားသမားတွေဆီမှာ ချန်ပီယံခြေစွမ်း ၊ ချန်ပီယံ ကံကြမ္မာမျိုး ရှိနေတာကို မြင်တွေ့ခဲ့ရပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ချင်ရင် ခက်ခဲတဲ့ ရမှတ်တွေကို စုဆောင်းနိုင်ရမယ် ဆိုတဲ့ စကားအတိုင်းပဲ အာဆင်နယ်က ဗီလာနဲ့ပွဲမှာရော ၊ ဘုန်းမောက်နဲ့ပွဲမှာပါ သူတို့အသင်းဆီမှာ အနိုင် ၃မှတ်ကို မရရအောင် ယူရမယ် ဆိုတဲ့ ချန်ပီယံစိတ်ဓာတ်မျိုး ရှိနေပြီ ဆိုတာကို သက်သေပြနိုင်ခဲ့ပြီ။