အာဆင်နယ်အသင်းဟာ လာမယ့် နွေရာသီမှာ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ ဆွစ်ဇာလန် တိုက်စစ်ကစားသမားလေး နိုအာအိုကာဖော်ကို ခေါ်ယူသွားဖို့အတွက် စပါး ဝက်စ်ဟမ်းအသင်းတွေနဲ့အပြိုင် စိတ်ဝင်တစား ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Youtube

အသက်(၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆွစ် ကြယ်ပွင့်ကစားသမားလေး အိုကာဖော်ဟာ ဒီရာသီမှာ ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် အတောက်ပဆုံး ခြေစွမ်းတွေ ပြသထားနိုင်သူဖြစ်ပြီး (၃၄)ပွဲကစားထားကာ (၁၄)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အေစီမီလန် ချဲလ်ဆီးအသင်းဘက်တွေကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ အိုကာဖော်ဟာ ဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေပေမယ့်လည်း သူရဲ့ စာချုပ်သက်တမ်းက ၂၀၂၄ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ လာမယ့်နွေမှာပဲ ရောင်းထုတ်သွားရဖွယ် ရှိနေရပါတယ်။

Photo Credit : Sempreinter

ဒီအခြေအနေကို အင်တာနဲ့ အေစီတို့လို မီလန်အသင်းတွေအပြင် အာဆင်နယ် စပါးနဲ့ ဝက်စ်ဟမ်းတို့လို လန်ဒန် ကလပ်အသင်းတွေကလည်း စောင့်ကြည့်လျက် ရှိနေပြီး နွေဈေးကွက် ဖွင့်ချိန်မှာ ကမ်းလှမ်းမှုတွေ အပြိုင် လုပ်ဆောင်ကြဖွယ် ရှိနေပါတယ်။ အိုကာဖော်ဟာ ၂၀၁၉ခုနှစ်ကတည်းက ဆွစ်ဇာလန် လက်ရွေးစင်အသင်းမှာ ပုံမှန် ပါဝင်ခွင့် ရရှိလာခဲ့တာဖြစ်ပြီး အထောင်တိုက်စစ်နေရာအပြင် တောင်ပံနှစ်ဖက်မှာပါ လိုက်ပါ ကစားတတ်သူလည်း ဖြစ်ပါတယ်။ ဆွစ်ကလပ် ဘေဆယ်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူ အိုကာဖော်ဟာ ၂၀၂၀ခုနှစ်ကတည်းက ဆာလ်ဇ်ဘာ့ဂ်ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး လက်ရှိမှာ သူ့ကို ကလပ်အသင်းများစွာက ခေါ်ယူသွားဖို့ အပြိုင်အဆိုင် ဖြစ်နေချိန်မှာ လက်ရွေးစင် အသင်းဖော်ကြီး ချာကာ ရှိနေတဲ့ အာဆင်နယ်အသင်းကို ရွေးချယ်နိုင်ဖွယ်လည်း ရှိနေပါတယ်။ ဒီကစားသမားလေးရဲ့ လက်ရှိတန်ကြေးက ပေါင်(၂၅)သန်းဝန်းကျင်လောက်သာ ရှိနေနိုင်ပါတယ်။