ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်က ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၇) အဖြစ် အဝေးကွင်းမှာ ရှက်ဖီးလ် ယူနိုက်တက်ကို သွားရောက် ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ ၀-၆ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂုဏ်ယူစရာကောင်းတဲ့ စံချိန်မှတ်တမ်း တခုကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခု ၂၀၂၄ခုနှစ် အတွင်းမှာ အတော်လေးကို ခြေစွာနေတဲ့ အသင်း ဖြစ်ပြီး အာဆင်နယ်က ရှက်ဖီးလ် ယူနိုက်တက်နဲ့ မတွေ့ခင်မှာ ပရီးမီးယားလိဂ်ပွဲ ၆ပွဲ ကစားခဲ့ရာ ၆ပွဲစလုံးကို အနိုင်ရထားသလို အဆိုပါ ၆ပွဲမှာ သွင်းဂိုး ၂၅ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ ပွဲစဉ်မှာလည်း အာဆင်နယ်က သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ တိုက်စစ်ကစားဟန်ကို ဆက်လက် ပြသနိုင်ခဲ့ပြီး ပထမပိုင်း တခုထဲမှာတင် ရှက်ဖီးလ် ယူနိုက်တက်ကို သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ အာဆင်နယ် အတွက် သွင်းဂိုးတွေကို ပွဲချိန် ၅မိနစ်မှာ အိုဒီဂတ် ၊ ပွဲချိန် ၁၃မိနစ်မှာ ဘိုဂယ် (ကိုယ့်ဂိုးကိုယ်သွင်းယူမှု) ၊ ပွဲချိန် ၁၅မိနစ်မှာ မာတီနယ်လီ ၊ ပွဲချိန် ၂၅မိနစ်မှာ ဟားဗက်ဇ်နဲ့ ပွဲချိန် ၃၉မိနစ်မှာ ဒီကလန်ရိုက်စ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်က အဓိက ကစားသမား အများအပြားကို အနားပေးကာ ပွဲကို ထိန်းကစားသွားခဲ့ပြီး အာဆင်နယ် အတွက် ပွဲသိမ်းဂိုးကို ပွဲချိန် ၅၈မိနစ်မှာ ညာနောက်ခံလူ ဘန်ဝှိုက်က သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Arsenal

အာဆင်နယ်က ရှက်ဖီးလ် ယူနိုက်တက်ဘက်ကို သွင်းဂိုး ၆ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဝက်စ်ဟမ်း ၊ ဘန်လေ စတဲ့ အသင်းတွေကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ချိန်မှာလည်း ၀-၆ ၊ ၀-၅ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းမှာ အဝေးကွင်း ၃ပွဲဆက် ၅ဂိုးအထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ဘောလုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။

အာဆင်နယ်က နောက်တပတ်မှာတော့ ခြေစွမ်းအတက်ဘက်ကို ရောက်နေတဲ့ ဘရန့်ဖို့ဒ်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး ဂိုးသွင်းခြေတွေ့နေတဲ့ အာဆင်နယ်က ဘရန့်ဖို့ဒ်ဘက်ကို ဘယ်နှဂိုး သွင်းယူဦးမလဲ ဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။