အီတလီက ထွက်ပေါ်လာတဲ့ သတင်းတွေအရ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၁)နေရာနဲ့ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းဟာ စီးရီးအေကလပ် ရိုးမားအသင်းရဲ့ အီတလီကြယ်ပွင့် နီကိုလိုဇာနီအိုလိုကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

 

Photo Credit : TEAMtalk

အာဆင်နယ်အသင်းဟာ အခု ဈေးကွက်အတွင်းမှာ ရှက်တာဒိုးနက်အသင်းရဲ့ ယူကရိန်း တောင်ပံကစားသမား မာဒရစ်ခ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့လည်း ချယ်လ်ဆီးအသင်းက ကြားဖြတ် ခေါ်ယူသွားခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ ဆောင်းဈေးကွက် မပိတ်ခင်မှာပဲ နောက်ထပ် ကစားသမားတစ်ဦးကို ခေါ်ယူသွားဖို့ ထပ်မံ ပြင်ဆင်လာခဲ့ရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အာဆင်နယ်ဟာ ကစားသမား အများအပြားနဲ့ သတင်းတွေ ထွက်ပေါ်နေရသလို အခုလည်း ရိုးမားအသင်းရဲ့ အီတလီကြယ်ပွင့် ကစားသမား ဇာနီအိုလိုနဲ့ အပြောင်းအရွေ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

Photo Credit : beIN Sports

အာဆင်နယ်နဲ့ သတင်းထွက်လာခဲ့တဲ့ အသက်(၂၃)နှစ်အရွယ် အီတလီ ကစားသမား ဇာနီအိုလိုဟာ ကွင်းလယ်တိုက်စစ် ကစားသမားတစ်ဦး ဖြစ်သလို တောင်ပံကစားသမားလည်း ဖြစ်တာကြောင့်မို့ အာဆင်နယ်အတွက် အတော်လေးကို အသုံးတည့်မယ့် ကစားသမား ဖြစ်လာမှာ သေချာနေပါတယ်။ ဖီအိုရင်တီးနား လူငယ်အကယ်ဒမီထွက် ဇာနီအိုလိုဟာ လက်ရှိမှာ ရိုးမားအသင်းနဲ့ (၁၈)လသာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာဖြစ်ပြီး အသင်းနဲ့ သက်တမ်းတိုးဖို့လည်း ငြင်းဆန်ထားတာဖြစ်လို့ ရိုးမားဘက်က ဇာနီအိုလိုကို ရောင်းထုတ်ချင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ရှိနေတဲ့ ဇာနီအိုလိုကို အာဆင်နယ်အသင်းက ခေါ်ယူသွားဖို့ ဇာနီအိုလိုရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးနေပေမဲ့ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ ရိုးမားအသင်းအနေနဲ့ကတော့ ဇာနီအိုလိုကို ယူရိုသန်း(၃၀)-သန်း(၄၀)လောက်နဲ့သာ အပြီးသတ် ရောင်းချသွားချင်နေပြီး အငှားကမ်းလှမ်းမှုကို လက်ခံမှာ မဟုတ်ပဲ အငှား+အပြီးသတ်ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနိုင်ပါတယ်။