ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဂျာအို နီဗက်စ်ကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၉နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ဂျာအို နီဗက်စ်က ဘင်ဖီကာရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး နီဗက်စ်ဟာ ကွင်းလယ်ခံစစ် နေရာမှာ အဓိက ကစားလေ့ ရှိပေမယ့် လိုအပ်ရင် ဗဟိုကွင်းလယ်နဲ့ ဗဟိုနောက်ခံလူ နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Goal

နီဗက်စ်က ပေါ်တူဂီသား တဦးပီပီ လုပ်အားနှုန်း ကောင်းမွန်ပြီး နည်းစနစ်ပိုင်း အလွန် ထူးချွန်တာကြောင့် အဝေးဘော ၊ အနီးဘောတွေကို တိကျ သေချာစွာ ပေးပို့နိုင်စွမ်း ရှိသလို တိုက်စစ်အားသန် ကွင်းလယ်ခံစစ် ကစားသမား ဖြစ်တာကြောင့် သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေလည်း ရယူနိုင်ပါတယ်။

နီဗက်စ်က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှ စတင်ကာ ဘင်ဖီကာရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား အဖြစ် ကစားခွင့် ရနေပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံမှာ ၅၅ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

Photo Credit: Football Transfer

နီဗက်စ်ဟာ အနာဂတ်မှာ ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား ဖြစ်လာနိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်းတွေက နီဗက်စ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ အသီးသီး စေလွှတ်ထားကြပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ နှစ်သင်းစလုံးက ဒီရာသီမှာ နီဗက်စ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ အသီးသီး စေလွှတ်ခဲ့သလို လာမယ့် နွေဈေးကွက်မှာ နီဗက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် နီဗက်စ်ရဲ့ မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးကြောင့် အပြောင်းအရွှေ့ အတွက် ဆွေးနွေးရာမှာ အခက်အခဲတွေ ကြုံလာနိုင်ကြောင်း သိရှိရပါတယ်။