ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်က ယခု ဆောင်းဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ကြံစည်ထားရာ ဘိုလော့ဂ်နာနဲ့အတူ တောက်ပနေတဲ့ လူငယ်တိုက်စစ်မှူး ဇက်ဇီကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ လူအင်အား အတောင့်တင်းဆုံး အသင်းတွေထဲ ပါဝင်ပေမယ့် သူတို့ရဲ့ တိုက်စစ်မှူးနေရာမှာ အန်ခီးတီးယားနဲ့ ဂျေဇူးတို့ နှစ်ဦးထဲသာ ရှိပြီး ဂျေဇူးက အထောင်တိုက်စစ်မှူးစစ်စစ် မဟုတ်သလို အန်ခီးတီးယားရဲ့ ခြေစွမ်းကလည်း မယုံရပါဘူး။

Photo Credit: Goal

ဒါကြောင့်ပဲ အာဆင်နယ်နည်းပြချုပ် အာတီတာက ယခု ဆောင်းဈေးကွက် အတွင်းမှာ အရည်အသွေးမြင့် အထောင်တိုက်စစ်မှူး တဦး ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပြီး အာဆင်နယ်ရဲ့ အားကစားဒါရိုက်တာ အီဒူးကလည်း တိုက်စစ်မှူးသစ် တဦး ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

တဖက်မှာတော့ အသက် ၂၂နှစ် အရွယ် နယ်သာလန် ယူ-၂၁လက်ရွေးစင် တိုက်စစ်မှူး ဇက်ဇီက ယခုနှစ် ဘောလုံးရာသီမှာ ဘိုလော့ဂ်နာရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားပြီး သူက ဒီရာသီမှာ ဘိုလော့ဂ်နာ အတွက် ပြိုင်ပွဲစုံ ၂၂ပွဲမှာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphရဲ့ ဖော်ပြချက်အရ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက ဘိုလော့ဂ်နာမှာ တောက်ပနေတဲ့ ဇက်ဇီကို သူတို့ရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပြီး ဇက်ဇီရဲ့ တန်ကြေးဟာ အခြားတိုက်စစ်မှူးတွေနဲ့ ယှဉ်ရင် နည်းပါးတာကြောင့် ဇက်ဇီအတွက် ကမ်းလှမ်းမှုတွေ လုပ်လာနိုင်ကြောင်း သိရပါတယ်။

ဘိုလော့ဂ်နာကတော့ ဆောင်းဈေးကွက် အတွင်းမှာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဇက်ဇီကို မဆုံးရှုံးချင်ပေမယ့် အကယ်၍ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၅၀သန်းကြား ကမ်းလှမ်းမှု တရပ် ရောက်လာရင် ဇက်ဇီကို ရောင်းချဖို့ စဉ်းစားမယ်လို့ အီတလီအခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။