ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က သူတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အားမြှင့်တင်နိုင်ဖို့ အတွက် ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူရန် ဆုံးဖြတ်ထားရာ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ တောင်ပံတိုက်စစ် ကစားသမား ဆာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း ဂျာမန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အာဆင်နယ်က ယခု နွေဈေးကွက် အတွင်းမှာ လူငယ်ကြယ်ပွင့် မာကွင်ဟို့စ် ၊ ကွင်းလယ်တိုက်စစ် ကစားသမား ဗီအဲရားနဲ့ တိုက်စစ်မှူး ဂျေဇူးတို့ကို ခေါ်ယူထားနိုင်သလို မန်ချက်စတာ စီးတီးရဲ့ ဘယ်နောက်ခံလူ ဇင်ချန်ကိုကိုပါ ခေါ်ယူနိုင်ဖို့ နီးစပ်နေပေမယ့် နောက်ထပ် ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦးကို ထပ်မံ ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေပါတယ်။

Photo Credit: Goal

ကနဦးမှာ အာဆင်နယ်က လိဒ်ယူနိုက်တက်ကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့သွားတဲ့ ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် တခြားပစ်မှတ်တွေကို ဆက်လက် ခေါ်ယူရန် ကြိုးစားနေကာ ဘိုင်ယန်မြူးနစ်နဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ တောင်ပံတိုက်စစ် ကစားသမား လီရွိုင်း ဆာနေးဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ဂျာမန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား လီရွိုင်း ဆာနေးက ဘိုင်ယန်မြူးနစ်ဆီ ဆီနီဂေါကြယ်ပွင့် ဆာဒီယို မာနေး ရောက်ရှိလာတာကြောင့် သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေပြီး အာဆင်နယ်နည်းပြ အာတီတာကလည်း မန်ချက်စတာ စီးတီးမှာ သူနဲ့ လက်တွဲ လုပ်ကိုင်ဖူးတဲ့ ဆာနေးကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ခေါ်ယူချင်နေပါတယ်။

Photo Credit: Goal

နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဆာနေးကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်လာပြီး ဘိုင်ယန်မြူးနစ်ကလည်း ဆာနေးအတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းသာ ရမယ်ဆိုရင် ဆာနေးကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။