ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်က သူတို့အသင်းမှာ ထိပ်တန်း အထောင်တိုက်စစ်မှူး မရှိတဲ့ ပြဿနာကို ဖြေရှင်းဖို့ အတွက် လာမယ့် နွေဈေးကွက်မှာ ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်းရဲ့ ဂိုးသွင်းစက် ကရော့ကီယက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ဆက်တိုက်ဆိုသလို သွင်းဂိုးတွေ တရစပ် သွင်းယူထားနိုင်သလို ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ အပြိုင် ဖြစ်နေပေမယ့် သူတို့အသင်းရဲ့ သွင်းဂိုးအများစုကို တောင်ပံတိုက်စစ် ကစားသမားတွေနဲ့ ကွင်းလယ်လူတွေကသာ သွင်းယူပေးထားတာပါ။

Photo Credit: Standard

အာဆင်နယ်က ဂါဘရီရယ် ဂျေဇူး ၊ အန်ခီးတီးယားနဲ့ ကိုင် ဟားဗက်ဇ် စတဲ့ တိုက်စစ်မှူး ၃ဦး ပိုင်ဆိုင်ထားချိန်မှာ ဂါဘရီရယ် ဂျေဇူးက တောင်ပံတိုက်စစ်နဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာ ကစားရတာကို အားသန်သလို ဟားဗက်ဇ်ကလည်း နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားရတာကို သဘောကျသူ ဖြစ်ပြီး အန်ခီးတီးယား တဦးထဲကသာ အထောင်တိုက်စစ်မှူး စစ်စစ် အဖြစ် ရှိနေပါတယ်။

ဒါ့အပြင် တိုက်စစ်မှူး ၃ဦး ဖြစ်တဲ့ ဂါဘရီရယ် ဂျေဇူး ၊ အန်ခီးတီးယားနဲ့ ဟားဗက်ဇ်တို့ သုံးဦးပေါင်းရဲ့ ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်သွင်းဂိုး အရေအတွက်ဟာ စုစုပေါင်း ၁၅ဂိုးသာ ရှိပါတယ်။ ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက်မှာ အသင်းအတွက် အားကိုးရမယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: The Sun

တဖက်မှာတော့ ၂၅နှစ် အရွယ် ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး ကရော့ကီယက်စ်က ယခုနှစ် ဘောလုံးရာသီ အစကမှ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီ ကနေ စပို့တင်း လစ္စဘွန်းဆီ ပြောင်းရွှေ့ကြေး ယူရို ၂၁သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ စပို့တင်း လစ္စဘွန်း အတွက် ပြိုင်ပွဲစုံမှာ ၃၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၂ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁၁ကြိမ် ရရှိထားပါတယ်။

နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ Goalနဲ့ Football 365တို့ရဲ့ တညီတညွတ်ထဲ ဖော်ပြချက်အရ အာဆင်နယ်က လာမယ့် နွေဈေးကွက်မှာ ကရော့ကီယက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး အာဆင်နယ်က ကရော့ကီယက်စ်ကို ခေါ်ယူနိုင်ဖို့ အတွက် မြို့ခံပြိုင်ဘက် ချယ်လ်ဆီးနဲ့ အဓိက ပြိုင်ဆိုင်ရဖွယ် ရှိနေကြောင်း သိရပါတယ်။