ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်က ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၆) အဖြစ် နယူးကာဆယ်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရာ ပထမပိုင်းမှာ ၂ဂိုး ၊ ဒုတိယပိုင်းမှာ ၂ဂိုး သွင်းယူကာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲကို သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီး ၊ ကလော့ပ်ရဲ့ လီဗာပူး စတဲ့ အသင်းတွေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေရပြီး အာဆင်နယ်က ယနေ့မနက်မှာတော့ ပထမအကျော့မှာ သူတို့ကို အငြင်းပွားဖွယ်ဂိုးနဲ့ အနိုင်ရသွားတဲ့ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

Photo Credit: Sky Sports

အာဆင်နယ်နဲ့ နယူးကာဆယ်တို့ ပွဲစဉ်မှာ အာဆင်နယ်က ချန်ပီယံဆု အတွက် ရမှတ်တွေ ထပ်ဆုံးရှုံးလို့ မရတော့တာကြောင့် အဓိက ကစားသမား အစုံအလင် ထုတ်သုံးလာခဲ့သလို နယူးကာဆယ်ကလည်း ဥရောပဝင်ခွင့် မျှော်လင့်ချက် အတွက် အဝေးကွင်းမှာ အာဆင်နယ်ဆီ ကနေ ရမှတ် ခွဲဝေယူမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒါပေမယ့် ချန်ပီယံ ဖြစ်ရမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ကစားနေတဲ့ အာဆင်နယ်ကို ဧည့်သည်တို့ ယှဉ်မကစားနိုင်ခဲ့ပဲ ပထမပိုင်းမှာတင် ဘော့တ်မန်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုနဲ့ ဟားဇက်ဇ်ရဲ့ သွင်းဂိုးတွေကြောင့် အာဆင်နယ်က ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ၂-၀ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် နယူးကာဆယ်က ချေပဂိုးတွေ ပြန်ရဖို့ ပြန်လည် တိုက်စစ်ဖွင့်လာခဲ့ပေမယ့် ဆာကာနဲ့ ကီဝီရော့တို့က အာဆင်နယ် အတွက် ဦးဆောင်ဂိုးတွေ ထပ်မံ သွင်းယူပေးခဲ့ပြီး နယူးကာဆယ်ရဲ့ သိက္ခာဆယ် ချေပဂိုးကိုတော့ အာဆင်နယ် ကစားသမားဟောင်းလေး ဝီးလော့ခ်က သွင်းယူပေးခဲ့တာပါ။

Photo Credit: Arsenal

အာဆင်နယ် ၄-၁ နယူးကာဆယ် ပွဲစဉ်မှာ ပထမပိုင်း ၂ဂိုး ၊ ဒုတိယပိုင်း ၂ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အာဆင်နယ်က ၃ပွဲဆက် ပထမပိုင်း ၂ဂိုး ၊ ဒုတိယပိုင်း ၂ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ်အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အာဆင်နယ်က နယူးကာဆယ်ကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်မရခင်မှာ ဝက်စ်ဟမ်းကို ၀-၆ ၊ ဘန်လေကို ၀-၅ ဆိုတဲ့ ရလဒ်တွေနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး နောက်ဆုံး ၃ပွဲမှာ သွင်းဂိုး ၁၅ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ပေးဂိုး ၁ဂိုးသာ ခွင့်ပြုခဲ့ရတာကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင်ဖြစ်နေတဲ့ အသင်း ၃သင်း အနက် ဂိုးကွာခြားချက် အများဆုံးအသင်း အဖြစ် (၃၉ဂိုး) ရပ်တည်နေနိုင်ပါတယ်။