အာဆင်နယ်အသင်းဟာ လာမယ့်နွေမှာတော့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းမှု သေချာပေါက် လုပ်ဆောင်သွားဖွယ် ရှိနေရာ အသင်းရဲ့ ပစ်မှတ်တွေထဲ နယူးကာဆယ် တိုက်စစ်မှူး အလက်ဆန်းဒါး အီဆက်ခ်လည်း ပါဝင်နိုင်ဖွယ် ရှိနေတယ်လို့ Daily Express ကနေ ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေး နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်နဲ့ စပို့တင်း လစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ရော့ကီယက်စ်တို့ကို ပစ်မှတ်ထားနေသလို နယူးကာဆယ်ရဲ့ ဆွီဒင် တိုက်စစ်ကစားသမား အီဆက်ခ်ကိုလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။

Photo Credit : Sky Sports

အသက် (၂၄)နှစ်အရွယ် ဆွီဒင်လက်ရွေးစင် တိုက်စစ်ကစားသမား အီဆက်ခ်ဟာ နယူးကာဆယ်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း နယူးကာဆယ်က ပရီးမီးယားလိဂ် အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ ကစားသမား ရောင်းချမှုတွေ လုပ်ဆောင်ရဖွယ် ရှိနိုင်တာဖြစ်လို့ အီဆက်ခ်လို တန်ကြေးမြင့် ကစားသမားမျိုးကို လက်လွတ်သွားရနိုင်ပါတယ်။

အာဆင်နယ်အနေနဲ့ကလည်း အိုဆီမန် ရော့ကီယက်စ် တခြား ပြည်ပ အမှတ်ပေးလိဂ်က တိုက်စစ်မှူးတွေထက် ပရီးမီးယားလိဂ်မှာ ကျင်လည်ပြီးသား တိုက်စစ်မှူးကိုပဲ ပိုမို ပစ်မှတ်ထားလာနိုင်လို့ အီဆက်ခ်က အာဆင်နယ် တိုက်စစ်အတွက် ရွေးချယ်ချင်စရာ ပိုဖြစ်လာနိုင်ပါတယ်။

Photo Credit : Eurosport

အီဆက်ခ်က ဆွီဒင်ကလက် AIK အသင်းကနေ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်းနဲ့ ၂၀၁၇မှာပဲ ဒေါ့မွန်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ဒေါ့မွန်မှာ နေရာမရခဲ့ပဲ ၂၀၁၉မှာ ဆိုစီဒက်အသင်းဆီ ထပ်မံ ရောက်ရှိရင်း ဆိုစီဒက်မှာတော့ အီဆက်ခ်က သူရဲ့အကောင်းဆုံး ခြေစွမ်းတွေကို ပြသလာနိုင်ပါတယ်။

အီဆက်ခ်က ဆိုစီဒက်အသင်းနဲ့ ဘောလုံးရာသီ (၃)ရာသီ ဖြတ်သန်းအပြီးမှာပဲ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး အခုဆိုရင် အသင်းအတွက် ပြိုင်ပွဲစုံ (၅၇)ပွဲ ကစားထားအပြီး (၂၆)ဂိုးအထိ သွင်းယူထားခဲ့သလို ဒီရာသီမှာလည်း သူရဲ့ ဂိုးသွင်းနှုန်းတွေက မနှစ်ကထက် ပိုမို ကောင်းမွန်လာခဲ့ပါတယ်။