နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပေါင် (၇၃.၄)သန်းအထိ အရှုံးပေါ်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိနေစေဖို့အတွက် အသင်းက ကြယ်ပွင့် ကစားသမား အမြောက်အများကို ရောင်းထုတ်သွားရဖို့ ရှိနေပါတယ်။

ဆော်ဒီစော်ဘွားများ ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်အနေနဲ့ ၂၀၂၃ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်လာခဲ့ရာမှာ ပေါင် သန်း(၇၀)ကျော်လောက်အထိ အရှုံးပေါ်နေတဲ့အတွက် အသင်းအနေနဲ့ ထိပ်တန်း ကစားသမားတချို့ကို မဖြစ်မနေ ရောင်းထုတ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit : Sky Sports

ဒီလို အခြေအနေမှာ နယူးကာဆယ်ရဲ့ ထိပ်တန်း ကစားသမားတွေဖြစ်တဲ့ အီဆက်ခ် နဲ့ ဂွီမာရေ့စ်တို့ကို နာမည်ကြီး ကလပ်အသင်းတွေက အပြိုင် စိတ်ဝင်စားလို့နေပြီး တိုက်စစ်ကစားသမား ဖြည့်တင်းဖို့ ရှိနေတဲ့ အာဆင်နယ်ကလည်း အီဆက်ခ်ကို ပိုမို ကြိုးပမ်းလာနိုင်ပါတယ်။

အိုင်ဗန် တိုနေးကို အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားနေတဲ့ အာဆင်နယ်ဟာ အခုဆို တိုနေးကို ဘရန့်ဖို့ဒ်ဘက်က ပေါင် သန်း(၁၀၀)ထိ ဈေးခေါ်လာလို့ ခေါ်ယူဖို့ ခက်ခဲသွားချိန်မှာ အီဆက်ခ် အပါအဝင် တခြား တိုက်စစ် options ပေါင်းများစွာကို စောင့်ကြည့်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒီအချိန်မှာ နယူးကာဆယ်အသင်းက သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ကစားသမား ရောင်းထုတ်ရဖို့ အကြောင်းဖန်လာချိန်မှာတော့ အာဆင်နယ်အနေနဲ့ တခြား တိုက်စစ်မှူးတွေထက် နယူးကာဆယ်ရဲ့ ဆွီဒင် တိုက်စစ်မှူး အီဆက်ခ်ကို ပိုမို မျက်စိကျလာနိုင်ပါတယ်။

အသက် (၂၄)နှစ်သာ ရှိနေသေးတဲ့ ဆွီဒင် လက်ရွေးစင် ကစားသမား အီဆက်ခ်ဟာ မနှစ်ကမှ ဆိုစီဒက်ကနေ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ နယူးကာဆယ်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၃၇)ပွဲ ကစားထားပြီးချိန်မှာ (၁၉)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။