အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ ခံစစ်ပိုင်းအတွက် နယ်သာလန် ထိပ်သီး ခံစစ်ကစားသမားတစ်ဦးဖြစ်တဲ့ မာသိုင်းစ် ဒီလစ်ကို ဘိုင်ယန်မြူးနစ်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် ခံစစ်မှူး ဒီလစ်ဟာ ၂၀၂၂ခုနှစ်ကမှ ဂျုဗင်တပ်စ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ယူရို (၇၇)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : ESPN

အေဂျကစ်အသင်းနဲ့အတူ အလွန်တောက်ပခဲ့တဲ့ ဒီလစ်ဟာ ၂၀၁၈ခုနှစ် Golden Boy ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ရပြီး ဥရောပတလွှားက ထိပ်တန်းကလပ်အသင်းတွေဟာလည်း ဒီလစ်ကို အတော်လေး စိတ်ဝင်စားလာကြပါတယ်။ ဒီအသင်းတွေထဲကမှ ဂျုဗင်တပ်စ်အသင်းက လက်ဦးမှု ရရှိပြီး ဒီလစ်ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီလစ်က ဂျုဗင်တပ်စ်မှာ (၃)ရာသီသာ ပါဝင်ခဲ့ရင်း ဘိုင်ယန်ဆီ ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိ ဘိုင်ယန်ရဲ့ ခံစစ်မှာ ဒီလစ်အပြင် အူပါမယ်ကာနို ကင်မင်ဂျေးတို့လို ထိပ်တန်း ခံစစ်မှူးတွေ ရှိနေပေမယ့်လည်း ဒီလစ်ရဲ့ fitness ပိုင်းကို ဘိုင်ယန်ဘက်က သဘောမကျ ဖြစ်နေရပါတယ်။

Photo Credit : Just Arsenal

အခုဆိုရင် ဘိုင်ယန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြင်သစ် ဝါရင့် နောက်ခံလူ ရာဖယ်လ် ဗာရန်းကိုပါ ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီဖြစ်ပြီး တကယ်လို့ ဗာရန်းသာ ရောက်လာခဲ့ရင် ဒီလစ်အနေနဲ့လည်း ဘိုင်ယန်မှာ နေရာပျောက်ဖို့က သေချာသလောက် ရှိနေပါတယ်။

ဒါကြောင့် ဒီလစ်ရဲ့ အခြေအနေကို အာဆင်နယ်အသင်းက စောင့်ကြည့်နေတာဖြစ်ပြီး ဘိုင်ယန်ဘက်ကနေသာ ဒီလစ်ကို အရောင်းစာရင်း တင်လိုက်မယ်ဆိုရင်တော့ ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။