ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က သူတို့အသင်းရဲ့ ထိပ်သီးပစ်မှတ် ကစားသမား တဦး ဖြစ်သူ မန်ချက်စတာ စီးတီး ဘယ်နောက်ခံလူ ဇင်ချန်ကိုကို ခေါ်ယူဖို့ မန်ချက်စတာ စီးတီးနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက်တွေ ဖြစ်ကြတဲ့ ဖာဘရီဇီယို ရိုမာနိုနဲ့ ဒေးဗစ် အွန်စတိန်းတို့က အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အာဆင်နယ်က တီယာနေး တဦးထဲသာ အားကိုးနေရတဲ့ သူတို့အသင်းရဲ့ ဘယ်နောက်ခံနေရာ အတွက် အဆင်သင့် အသုံးပြုလို့ရမယ့် ထိပ်တန်း ဘယ်နောက်ခံလူ တဦးကို ခေါ်ယူဖို့ ယခုနှစ် နွေဈေးကွက် စတင်ချိန်ကတည်းက ကြိုးပမ်းခဲ့တဲ့ အသင်း ဖြစ်ပြီး သူတို့က အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့သွားတဲ့ အာဂျင်တီးနား ခံစစ်မှူး မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မာတီနက်ဇ်ကတော့ ဆရာရင်း အဲရစ် တန်ဟက်ဂ်နဲ့သာ ပြန်လည် ပေါင်းစည်းဖို့ ဆုံးဖြတ်သွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ အာဆင်နယ်နည်းပြ အာတီတာက သူနဲ့ မန်ချက်စတာ စီးတီးမှာ အတူတကွ လက်တွဲခဲ့ဖူးတဲ့ ယူကရိန်း လက်ရွေးစင် ဘယ်နောက်ခံလူ ဇင်ချန်ကိုကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးစားခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ ဇင်ချန်ကိုဟာ အာဆင်နယ်ရဲ့ ကစားသမားသစ် ဖြစ်လာဖို့ သေချာသွားခဲ့ပါပြီ။

နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဇင်ချန်ကိုကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းနဲ့ ခေါ်ယူဖို့ မန်ချက်စတာ စီးတီးနဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့သလို ဇင်ချန်ကိုကလည်း အာဆင်နယ်ထံ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Sky Sports

နောက်ထပ် နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း ဇင်ချန်ကိုဟာ အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ကြောင်း ထပ်ဆင့် အတည်ပြုပေးခဲ့ပြီး အာဆင်နယ်က ယခုတပတ် အတွင်းမှာပဲ ဇင်ချန်ကိုကို ဆေးစစ်ဖို့ စီစဉ်ထားကြောင်း ဆိုပါတယ်။

အာဆင်နယ်နဲ့ နီးစပ်သူတွေရဲ့ အဆိုအရ အာဆင်နယ်ဟာ ဇင်ချန်ကိုကို ဆေးစစ်ပြီးတာနဲ့ သူ့ရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာဖို့ စီစဉ်ထားပြီး ဇင်ချန်ကိုဟာ ယခုတပတ် အတွင်းမှာပဲ အာဆင်နယ် ကစားသမား ဖြစ်လာတော့မယ်လို့လည်း သိရှိထားရပါတယ်။