ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုရဲ့ လူငယ် ကွင်းလယ်တိုက်စစ် ကစားသမား ဖေဘီယို ဗီအဲရာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

Photo Credit: The Sun

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ်ကြယ်ပွင့် ကစားသမား ဖေဘီယို ဗီအဲရာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပေါ်တိုနဲ့အတူ တောက်ပခဲ့တဲ့ ကစားသမားတွေထဲက တဦး ဖြစ်တာကြောင့် အာဆင်နယ်က တခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ဗီအဲရာကို ခပ်မြန်မြန် ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်က ဗီအဲရာအတွက် ပေါ်တိုထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ပေးချေရဖို့ ရှိနေပြီး ဗီအဲရာက အာဆင်နယ်နဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ လာမယ့် နာရီပိုင်းအတွင်း အာဆင်နယ်ရဲ့ အခြေစိုက်မြို့ ဖြစ်တဲ့ လန်ဒန်မြို့ဆီ လာရောက်တော့မယ်လို့ ပေါ်တူဂီ နာမည်ကြီး သတင်းထောက် ဆီပူလက်ဗ်ဒါက ဖော်ပြထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း အာဆင်နယ်ဟာ ဖေဘီယို ဗီအဲရာကို ခေါ်ယူနိုင်တော့မယ် ဆိုတဲ့ သတင်းတွေကို ထပ်ဆင့် အတည်ပြုပေးထားပြီး ဗီအဲရာက အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားကာ အာဆင်နယ်ကတော့ ပေါ်တိုနဲ့ ပြောင်းရွှေ့ကြေး ပေးချေမယ့် နည်းလမ်းတွေကို အသေးစိတ် ထပ်မံ ဆွေးနွေးနေကြောင်း ဆိုပါတယ်။

ဗီအဲရာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပေါ်တိုအတွက် ပြိုင်ပွဲစုံ ၃၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၆ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။