အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးရဲ့ အဓိက ညာနောက်ခံလူ ဖြစ်သူ အလက်ဇန်းဒါး အာနိုးလ်က သူ့ရဲ့ ခံစစ်ကစားပုံ အားနည်းချက်ကြောင့် ဝေဖန်ခံနေရမှုများကို စိတ်ပျက်လာသလို သူ့ရဲ့ ဘောလုံးပေးပို့မှု စွမ်းရည်ကို ယုံကြည်တာကြောင့် ကွင်းလယ်လူ တဦး အဖြစ် ပြောင်းလဲ ကစားဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးလ်က လီဗာပူးရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ တဦး ဖြစ်ပြီး သူဟာ ဆယ်ကျော်သက် အရွယ်ထဲက လီဗာပူးရဲ့ ညာနောက်ခံနေရာကို အပိုင်စား ရထားသူ ဖြစ်ကာ သူ့ရဲ့ ဖြတ်တင်ဘော ပေးပို့နိုင်စွမ်းကြောင့် ကမ္ဘာ့အဆင့် ညာနောက်ခံလူတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် အာနိုးလ်ရဲ့ ခံစစ် စွမ်းဆောင်ရည်က သာမန်အဆင့်သာ ရှိသလို အာနိုးလ်ဟာ မကြာခဏ ဆိုသလို အမှားအယွင်းတွေလည်း လုပ်လေ့ ရှိပါတယ်။ ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူတွေက အာနိုးလ်ကို တိုက်စစ်လိုက်ပါမှုမှာ ကမ္ဘာ့အဆင့် ဆိုပေမယ့် ခံစစ်မှာတော့ သာမန်ထက်တောင် ပိုညံ့တယ်လို့ ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။

အာနိုးလ်အပေါ် ဝေဖန်မှုတွေကြောင့် ပြီးခဲ့တဲ့ လီဗာပူး ၂-၂ အာဆင်နယ် ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ လီဗာပူးနည်းပြ ကလော့ပ်က အာနိုးလ်ကို ကွင်းလယ်လူ အဖြစ် ပြောင်းလဲ ကစားစေခဲ့ပြီး ကွင်းလယ်ကို ပြောင်းလဲ ကစားချိန်မှာ အာနိုးလ်ဟာ အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: The Times

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ အာနိုးလ်က အာဆင်နယ်နဲ့ပွဲမှာ ကွင်းလယ်လူ အဖြစ် ကစားရင်း ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ကွင်းလယ်လူ အဖြစ် ပြောင်းလဲ ကစားဖို့ စိတ်ဝင်စားနေသလို ထိပ်တန်း ကွင်းလယ်လူတွေရဲ့ ကစားပုံတွေကိုပါ ဗွီဒီယိုတွေ ကြည့်ကာ လေ့လာနေကြောင်း သိရပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်နဲ့ နည်းပြအဖွဲ့ကလည်း လက်ကျန် ပရီးမီးယားလိဂ်ပွဲတွေမှာ ကွင်းလယ် အားနည်းချက်ကို ဖာထေးဖို့ အာနိုးလ်အား ကွင်းလယ်ဆီ ပို့ရန် စတင် စဉ်းစားနေကြပြီး အာနိုးလ်သာ ကွင်းလယ်လူ အဖြစ် ပွဲထွက်လာမယ် ဆိုရင် ဝါရင့် ကွင်းလယ်လူ မီလ်နာဟာ ညာနောက်ခံလူ အဖြစ် ပြောင်းလဲ ကစားလိမ့်မယ်လို့ လီဗာပူးနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။