ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ရဲ့နေရာမှာ ပြန်လည် အစားထိုးသွားဖို့အတွက် နည်းပြအများအပြားကို စောင့်ကြည့်လျက် ရှိနေပြီး အဲ့ဒီထဲမှာ အင်တာမီလန် နည်းပြ ဆီမြွန်နီ အင်ဇာဂီလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာရဲ့ ဂန္တဝင် ကစားသမားဟောင်းလည်းဖြစ်ပြီး လက်ရှိနည်းပြလည်းဖြစ်တဲ့ ဇာဗီက ဒီရာသီမှာ အသင်းရဲ့ ရလဒ်အခြေအနေတွေကြောင့် ရာသီအကုန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ထားခဲ့ပြီး ဒီအတွက် ဘာစီလိုနာကလည်း နည်းပြသစ်တစ်ဦးကို ရှာဖွေနေရပြီ ဖြစ်ပါတယ်။

Photo Credit : Venevision

ဘာစီလိုနာအသင်းရဲ့ အသင်းဥက္ကဌ ယိုဟန် လာပေါ်တာကတော့ ဒီရာသီအကုန်မှာ လီဗာပူးလ်နဲ့ လက်တွဲဖြုတ်တော့မယ့် နည်းပြကြီး ယာဂင် ကလော့ပ်ကို အလိုရှိနေပေမယ့် ကလော့ပ်က နည်းပြအလုပ်ကနေ အနည်းဆုံး တစ်နှစ်လောက်အထိ အနားယူမှာဖြစ်လို့ တခြား options တွေကိုသာ ချိန်ရွယ်နေရပါတယ်။

လက်ရှိ ဘာစီလိုနာအသင်းနဲ့ သတင်းထွက်နေတဲ့ နည်းပြတွေထဲမှာ ဘရိုက်တန်နည်းပြ ရောဘတ်တို ဒီဇာဘီ ၊ ဘိုင်ယန်နဲ့ ဂျာမနီ နည်းပြဟောင်း ဟန်ဆီ ဖလစ်ခ် ၊ ဘိုလော့ဂ်နာနည်းပြ သီယာဂို မော့တာ ၊ ဘိုင်ယန်နည်းပြ သောမတ်စ် တူဟယ်လ်တို့ ပါဝင်လို့နေပြီး အင်တာနည်းပြ ဆီမြွန်နီ အင်ဇာဂီလည်း ပါဝင်လာခဲ့ပါတယ်။

Photo Credit : Sporting News

လာဇီယို နည်းပြဟောင်း အင်ဇာဂီက ၂၀၂၁ခုနှစ်မှာပဲ အင်တာမီလန်အသင်းကို စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူ့လက်ထက်မှာ အင်တာက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်အထိ တက်လှမ်းခဲ့သလို ကိုပါအီတလီယာဖလား (၂)ကြိမ် အီတလီ စူပါဖလား (၂)ကြိမ်အထိ ဆွတ်ခူးခဲ့သလို ဒီရာသီမှာလည်း စီးရီးအေ အမှတ်ပေး ချန်ပီယံ ဖြစ်လာဖို့ အလွန်နီးစပ်နေပါတယ်။

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြည့်ဝနေတဲ့ အီတလီလူမျိုး ဘောလုံးနည်းပြ အင်ဇာဂီကို ဘာစီလိုနာအသင်းက မျက်စိကျလာခဲ့ပြီး လာမယ့်ရာသီမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ် ရှိနိုင်ပေမယ့် အင်ဇာဂီကိုယ်တိုင်ကတော့ အင်တာမှာပဲ ဆက်လက် ရှိသွားနိုင်ပါတယ်။