ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီက သူဟာ ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ခြေစွမ်းတွေ ပိုကောင်းလာအောင် ကြိုးစား လေ့ကျင့်နေကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက ၂၀၂၂ခုနှစ်မှာ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကြေး ယူရို ၉၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Football 365

အန်တိုနီက သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ အဖွင့်ပွဲမှာပဲ ခါးသီးပြိုင်ဘက် အာဆင်နယ်ဘက်ကို ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်အတွက် အားကိုးရမယ့် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ကွင်းပြင်ပ လူမှုရေး အရှုပ်အရှင်းတွေကြောင့် ကွင်းတွင်းခြေစွမ်းတွေ ကျဆင်းလာခဲ့ပါတယ်။

အန်တိုနီက ဒီရာသီမှာလည်း မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲဆက် ဂိုးပေါက် ပျောက်နေခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ နယူးပို့တ်နဲ့ အက်ဖ်အေဖလားပွဲ ရောက်မှသာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးရင်း ဂိုးပေါက်ပျောက်နေမှုကို ရပ်တန့်နိုင်ခဲ့တာပါ။

Photo Credit: Sky Sports

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အန်တိုနီက သူဟာ မန်ချက်စတာ ယူနိုက်တက်လို အသင်းကြီးမှာ ကစားခွင့် ရဖို့ အတွက် ခက်ခက်ခဲခဲ ရုန်းကန် ကြိုးစားခဲ့ရတာ ဖြစ်လို့ လာမယ့်ပွဲတွေမှာ ခြေစွမ်းပြ ကစားနိုင်ဖို့ လေ့ကျင့်ရေးကွင်းမှာ ကြိုးစား လေ့ကျင့်နေကြောင်း ဆိုလာပါတယ်။

အန်တိုနီက – “ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်လို အသင်းကြီးမျိုးမှာ ကစားခွင့် ရဖို့ အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာပါ။ ကျွန်တော်က နယူးပို့တ်နဲ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကို လာမယ့်ပွဲတွေမှာလည်း ထပ်ပြီး ပြသနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်မှာ ရှိတဲ့ အရည်အသွေးတွေကို ဆက်ပြီး ပြသသွားမှာပါ။ ကျွန်တော်က တရက်ပြီး တရက် ခြေစွမ်းတွေ ပိုကောင်းလာအောင် ကြိုးစား လေ့ကျင့်နေပါတယ်။ ကျွန်တော်က ဒီထက်ပိုပြီး တိုးတက်အောင် အစွမ်းကုန် ကြိုးစားဖို့ ဆုံးဖြတ်ပြီးသားပါ။ မန်ချက်စတာ ယူနိုက်တက်က ကျွန်တော့်ကို ပေးချေရတဲ့ လုပ်ခလစာနဲ့ တန်တဲ့ ခြေစွမ်းမျိုး ပြသသွားပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။